ပုဏ္ဏားကျွန်းတွင် ဒိုင်းနက် ရိုးရာပန်းမျှောပွဲ ပြုလုပ်မည်

ပုဏ္ဏားကျွန်းတွင် ဒိုင်းနက် ရိုးရာပန်းမျှောပွဲ ပြုလုပ်မည်
ဘူးသီးတောင်မြို့နယ်တွင် ကျင်းပခဲ့သည့် ရိုးရာပန်းမျှောပွဲကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
ဘူးသီးတောင်မြို့နယ်တွင် ကျင်းပခဲ့သည့် ရိုးရာပန်းမျှောပွဲကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

ဒိုင်းနက် (ခေါ်) သက္ကမ လူမျိုးတို့၏  ရိုးရာပန်းမျှောပွဲတော်ကို  ပုဏ္ဏားကျွန်းမြို့နယ်၊ ရှင်တော်ကျေးရွာတွင် လာမည့် ဧပြီလ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တိမ်မြုပ်ပျောက်ကွယ်လာသည့် ရိုးရာဓလေ့၊ ယဉ်ကျေးမှုများ ပြန်ပေါ်လာစေရေးကို ရည်ရွယ်ပြီး ဒိုင်းနက် (ခေါ်) သက္ကမ စာပေနှင့်ယဉ်ကျေးမှုအသင်းက ဦးဆောင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်နေသူများက ပြောသည်။

ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဆရာတော် အသျှင်ဇောတိပါလက “ ဆရာတော်တို့ရဲ့ ရှေးခေတ်မျိုးနွယ်စုတွေဟာ ရေကိုတန်ဖိုးထားပြီး ပန်းတွေကို ရေမှာမျှောတဲ့ ပူဇော်ပွဲ လုပ်ခဲ့ကြပါတယ်။ အဓိကတော့ ဒီရေနဲ့ပဲ ဆန်စပါးနဲ့ သီးနှံတွေကို စိုက်ပျိုးကြရတယ် ဆိုတဲ့ အယူအဆကို လက်ဆင့်ကမ်း ထိန်းသိမ်းလိုတဲ့အတွက် ပွဲလုပ်ရတာ ဖြစ်ပါတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

ရိုးရာပန်းမျှောပွဲကို နှစ်စဉ် ဧပြီလသင်္ကြန်မတိုင်မီ တစ်ရက်အလိုတွင် ပြုလုပ်လေ့ရှိသည်။ ပန်းအမျိုးမျိုးတို့ကို ငှက်ပျောရွက်တွင် အလှဆင်ပြီး ရေကြည်ရာချောင်းကမ်းစပ်သို့ သွားရောက်ကာ ချောင်းစောင့်နတ်၊ မြစ်စောင်နတ်များကို ရည်စူး၍ ပန်းမျှောကြခြင်းလည်း ဖြစ်သည်။

ရိုးရာပန်းမျှောပွဲကို ၂၀၁၂ ခုနှစ်က စတင်ကာ မင်းပြားမြို့နယ်တွင် ပထမအကြိမ် ပြုလုပ်ပြီးနောက် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် ဘူးသီးတောင် မြို့နယ်တို့တွင် နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် ၁၂ ကြိမ် ပြည့်မြောက်မည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ဘူးသီးတောင်မြို့နယ်၊ ပြိန်းချောင်းကျေးရွာတွင် ကျင်းပခဲ့သည်။

ယခု ပန်းမျှောပွဲတော်ကို ရခိုင်၊ မြို၊ ခမီ စသည့် အရပ်ဘက်အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားထားပြီး ဒိုင်းနက် (ခေါ်) သက္ကမ လူမျိုးများ၏ သမိုင်းဆိုင်ရာ ဟောပြောမှုများနှင့် ရိုးရာအကများဖြင့်လည်း ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲဖြစ်မြောက်ရေးကော်မတီဝင် ကိုမောင်အောင်သိန်းက “ဒီအနီးကျေးရွာမှာ နေထိုင်ကြတဲ့ ရခိုင်မျိုးနွယ်စုဝင်တွေနဲ့ အရပ်ဘက်အဖွဲ့တွေကိုလည်း ဖိတ်ကြားပြီးတော့ တတ်နိုင်သမျှ စည်စည်ကားကားဖြစ်အောင် ကျင်းပသွားမှာပါ”ဟု  ပြောသည်။

ရခိုင်ပြည်တွင် ဒိုင်းနက်(ခေါ်)သက္ကမ လူမျိုးများသည် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော စသည့် မြို့နယ်များတွင် လူဉီးရေ ၅၀,၀၀၀ ခန့်နေထိုင်ကြပြီး ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသနှင့် အိန္ဒိယ မီဇူရမ် ပြည်နယ်တို့တွင်လည်း အများအပြား နေထိုင်ကြကြောင်း သိရသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...