မြ၀တီရွှေကုက္ကိုလ် ကာစီနိုမြို့တော်အနီး BGF ကင်းစခန်း ၂ ခု တိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီ လေကြောင်းက ပစ်ကူတိုက်ခိုက်နေ

မြ၀တီရွှေကုက္ကိုလ် ကာစီနိုမြို့တော်အနီး BGF ကင်းစခန်း ၂ ခု တိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီ လေကြောင်းက ပစ်ကူတိုက်ခိုက်နေ

မြ၀တီမြို့မြောက်ဘက် ရွှေကုက္ကိုလ်ကာစီနိုလောင်းကစား မြို့တော်အနီး ထီးကော်ထောကျေးရွာ နယ်ခြား စောင့်တပ်-BGF ကင်းစခန်း ၂ခုအား ယနေ့ ဧပြီလ ၅ ရက် နံနက်ပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များက ၀င်ရောက်တိုက်ခိုက်သည့်အတွက် စစ်ကောင်စီ လေကြောင်းမှ ရဟတ်ယာဉ် ၂ စင်း လာရောက်ပစ်ကူပေးလျက်ရှိသည်ဟု စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံ ကျေးရွာသားများ ထိုင်းနိုင်ငံဘက် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြကြောင်း သိရှိရသည်။

“စစ်တပ်ဘက်က စစ်ကူရဟတ်ယာဉ် ၂စီး နေ့လည် ၁၂ နာရီလောက်မှာ လာပစ်တယ်။ ရွှေကုက္ကိုလ် ကာစီနိုတွေ ဘက်အထိ လမ်းတွေ၊ ဂိတ်တွေ၊ တံတားတွေပိတ်ထားတော့သောင်ရင်းမြစ်ဖြတ်ပြီး ထိုင်းဘက်ကမ်း ဝှေးကလုတ်၊ ၀မ်ဖာထိုင်းကျေးရွာတွေဘက် ဒေသခံတွေလူတစ်ထောင်လောက်ရှောင်လာနေကြတယ်၊ ရွှေကုက္ကိုလ် ရပ်ကွက် တွေ ဘက်အထိ တိုက်ပွဲက ဆက်ဖြစ်နေတယ် ”ဟု KNLA ပူးပေါင်းတပ်စစ်ရေး သတင်းအရင်းအမြစ်က ပြောသည်။

လက်ရှိတွင် ရွှေကုက္ကိုလ်မြို့သစ်အနီး ရပ်ကွက်များဘက်အထိ တိုက်ပွဲဖြစ်ပွားနေပြီး BGF တပ်နယ် ၃ လက်အောက်ခံ ဗိုလ်မှူးချုပ် စောချစ်သူ၏ လုံခြုံရေးတပ်တာ၀န်ခံ ဗိုလ်မှူးမောင်၀င်း လက်အောက်ခံ ရွှေကုက္ကိုလ်ကာစီနို လောင်းကစားရုံ လုံခြုံရေးတပ်၊ ရွှေကုက္ကိုလ်မြို့ လုံခြုံရေးတပ်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

အဆိုပါ တိုက်ပွဲ ဖြစ်စဉ်အတွင်း BGF ဘက်မှ အရာရှိများအပါအ၀င် ထိခိုက်သေဆုံးမှုရှိနေသလို KNLA ပူးပေါင်းတပ်များဘက်တွင်လည်း ထိခိုက်ကျဆုံးသူများ ရှိနေကြောင်း သိရှိရသည်။

မြ၀တီမြို့နယ်အတွင်း မြ၀တီမြို့အထွက် မြေနီကုန်းရပ်ကွက်၊ မဲကနယ်ရွှေမြစန္ဒီရပ်ကွက်၊ ကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ကွက်သစ်၊ သင်္ဃန်းညီနောင် စစ်ဗျူဟာ၊ အမှတ် ၁၀၂၂ ဗိုလ်မှူးမုတ်သိုလ် BGF တပ်ရင်းနေရာ ၊ မြ၀တီ-ကော့ကရိတ် အာရှလမ်းပိုင်းတောနော်ရေတံခွန်လမ်းကွေ့နေရာများဘက်တွင် KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်တို့အကြား နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှုများ၊ စစ်ရေးတင်းမာမှုများ ဆက်ရှိ နေကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်များက ပြောသည်။

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...