လုံခြုံမှုကင်းမဲ့လာတဲ့ကြားက ရှင်သန်နေထိုင်နေရတဲ့ ဖားကန့်ကျောက်စိမ်းမြေက ပြည်သူများ

လုံခြုံမှုကင်းမဲ့လာတဲ့ကြားက ရှင်သန်နေထိုင်နေရတဲ့ ဖားကန့်ကျောက်စိမ်းမြေက ပြည်သူများ

ကချင်ပြည်နယ်အတွင်းက နေရာအများစုမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နေရာအနှံစစ်ကြောင်းထိုးထားတွေ ပြုလုပ်နေပါတယ်။

ကချင်ပြည်နယ်ထဲက အနက်ရောင်နယ်မြေလို့ ခေါ်ဝေါ်သမုတ်လေ့ရှိတဲ့ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အခုနှစ်ဆန်းပိုင်းကနေ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်မှုများခဲ့ပြီး နယ်မြေစိုးမိုးမှု သိသိသာသာ ပြုလုပ်လာကြပါတယ်။

စစ်ကောင်စီကနေ ဖားကန့်မြို့အတွင်း နေရာတိုင်းလိုလို မကြာခဏ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတဲ့အပြင် နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတာတွေကြောင့် ဒေသခံပြည်သူတွေဟာ သွားရေး၊ လာရေး စိုးရိမ်နေရပြီး ကြောက်လန့်နေကြရတယ်လို့ ဆိုပါတယ်။

အခုလို ဖားကန့်ဘက် စစ်ရေးအခြေအနေ တင်းမာနေတာဟာ စစ်တပ်ဘက်က KIOရဲ့ ဝင်ငွေကို ဖြတ်တောက်လိုတာ၊ ဖားကန့် တစ်ခုလုံးကို ထိန်းချုပ်လိုက်ချင်တာကြောင့် ပြည်သူတွေကိုပါ ခြိမ်းခြောက်အရေးယူတာ ဖြစ်နိုင်တယ်လို့ KIO/KIAပြန်ကြားရေးတာဝန် ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို သုံးသပ်ပြောဆိုထားပါတယ်။

ဖားကန့်မြို့ရဲ့အရှေ့ဖက် လုံးခင်းကျေးရွာအုပ်စုအတွင်းနဲ့ အနောက်ဘက် ရှရော်ခ ကျေးရွာအုပ်စုတွေဘက် လက်နက်ကြီး ရမ်းသမ်းပစ်တာတွေ မကြာခဏပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဖားကန့်မြို့နယ်အတွင်းက စစ်ကောင်တပ် စခန်းချနေထိုင်နေတဲ့ မဇွပ်ယန် အကျဉ်းထောင်၊ လယ်ပြင်ဂိတ်နဲ့ နှစ်မျက်နှာဘုရား၊ စစ်တပ်ဗျူဟာကုန်း အစရှိတဲ့ နေရာတွေကနေ နေ့၊ ည အချိန်မရွေး လက်နက် ရမ်းသမ်းပစ်ခတ်ပြီး ပြည်သူတွေကို ခြောက်လန့်နေတယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာ အရင်ကထက် မြေပြင်အခြေအနေ ပိုဆိုးလာတဲ့အပြင် အဖမ်းအဆီးတွေပါ ရှိနေတာကြောင့် သွားရေးလာရေးကအစ သတိထား သွားလာနေရတယ်လို့ လုံးခင်းဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ဖမ်းဆီးတာတို့ တော်တော်များများ ရှိပါတယ်။ သူတို့ သံသယဖြစ်ရင် ဖြစ်သလို ဖမ်းတာတွေ၊ ဆီးတာတွေပေါ့။ လက်ဖက်ရည်ဆိုင်မှာ ဝိုင်ဖိုင်လာသုံးတဲ့သူတွေပေါ့ အဲဒီလိုမျိုးကအစ မသင်္ကာရင် မင်္ကာသလို ဆွဲခေါ်သွားတာ”လို့ လက်ရှိဖားကန့်မြို့တွင်းက အခြေအနေကို အထက်ပါလုံးခင်းဒေသခံက ပြောပါတယ်။

အခုလို နှစ်ဖက်စစ်ရေးအခြေအနေ မတည်ငြိမ်နေတဲ့ကြား မိသားစု စားဝတ်နေရေးအတွက် ညရေးညတာ ကျောက်ဝိုင်းသွားရတဲ့ အချိန်လိုမျိုးမှာ စိုးရိမ်စိတ်တွေနဲ့ သွားလာနေရတယ်လို့ ဒေသခံက ဆက်လက်ဆိုပါတယ်။

နောက်ထပ် ဖားကန့် မြို့နေ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ အခုနှစ်၂၀၂၃ခုနှစ်မှာ စစ်ကောင်စီတပ်သားတွေ အရင်နှစ်ကထက် နယ်မြေစိုးမိုးမှု ပိုရှိလာတဲ့အပြင် စစ်ကြောင်းတွေပါ ဆက်တိုက်ထိုးလာပြီး စစ်ရေးလှုပ်ရှားတာတွေ ၊ KIAဝန်ထမ်းတွေကိုသာမက မသင်္ကာတဲ့ ပြည်သူတွေကိုပါ လိုက်လံဖမ်းဆီးတာတွေ ဆက်တိုက် လုပ်လာနေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ရှရော်ခကျေးရွာအုပ်စု၊ စပျစ်ခူးကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရပြီးတဲ့နောက်ပိုင်း အနီးအနားမှာရှိတဲ့ ကုမ္ပဏီလုပ်သားတွေအပါ ပြည်သူ ၂၀၀ လောက်ကို ဖမ်းဆီးခေါ်ဆောင်ပြီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

အထက်ပါ ဖမ်းဆီးခေါ်ဆောင်သူတွေကို ပြန်လွှတ်ပေးအပြီး မတ်လ၂ ရက်နေ့မှာတော့ အင်အား ၃၀ လောက်ရှိတဲ့ စစ်သားတွေ ရှရော်ခအနီး မိုင်းထပ်မံခံရပြီး ရွာအတွင်းက ဒေသခံ ၁၀၀ ကျော်လောက်ကို ဖမ်းဆီးသွားခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် မတ်လ(၁၁)ရက်နေ့က ဖားပြင်ကျေးရွာ၊ ကချင်ရိုးရာယဉ်ကျေးမှုရုံးမှာ အစည်းအဝေးလုပ်နေတဲ့ KIAတပ်သားနဲ့ ပြည်သူ စုစုပေါင်း(၁၀)ယောက်ဝန်းကျင်ကိုလည်း စစ်ကောင်စီတပ်တွေ ဖမ်းဆီးမှု ရှိခဲ့တဲ့အပြင် မတ်လ(၁၅)ရက်နေ့ကလည်း မော်မောင်းလယန် ရပ်ကွက်နေ KIA ဒုတိုက်နယ်မှူးတစ်ဦးရဲ့ အိမ်ကို စစ်တပ်ကနေ ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်ထဲ ရှိနေတဲ့ လူ ၆ ဦးသာမက ကွန်ပျူတာ၊ ကား အစရှိတာတွေ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မတ်လ ၁၈ ကနေ့ကလည်း ဖားကန့်မြို့မှော်စီစာရပ်ကွက်က ကချင်အမျိုးသားဖွံဖြိုုးတိုးတက်ရေးဖောင်ဒေရှင်း ကနေ ဆောက်လုပ်ထားတဲ့ အမျိုးသမီးစွမ်းရည်မြင့် အလုပ်ရုံကို စစ်ကောင်စီကနေ ဝင်ရောက်စီးနင်းခဲ့ပြီး လူ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။

နှစ်ဖက်တပ် စစ်ရေးတင်းမာနေတာသာမက တိုက်ပွဲ မကြာခဏဖြစ်နေတဲ့ကြားက မတ်လ ၁၈ ရက်နေ့ကလည်း မြောက်ကုန်း၊ ခွန်ဆာကုန်း၊ နှစ်မျက်နှာ ဘုရား၊ လေးမျက်နှာဘုရားဘက်တွေမှာ KIA/PDFပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ကနေ လက်နက်ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၆ ဦး ကျည်ထိမှန် သေဆုံးမှု ရှိခဲ့တဲ့အပြင် ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဖားကန့်မြို့အတွင်း နေရာအနှံ့ စစ်သားတွေ လှုပ်ရှားသွားလာတာတွေ ရှိနေပြီး လမ်းသွားပြည်သူတွေကို ရှောင်တခင်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂၄ ရက်နေ့ကလည်း စပျစ်ခူးကျေးရွာ အနီးအနားမှာရှိတဲ့ ကုမ္ပဏီဝင်းတွေထဲ ဝင်ရောက်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့လည်း ကြားသိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ လက်ရှိ ဖားကန့်မြို့အတွင်းက KIA/PDFထောက်ပို့တွေကို လိုက်လံဖမ်းဆီးတာတွေ ခပ်စိပ်စိပ်လုပ်ဆောင်တဲ့အပြင် အရပ်သား ဟန်ဆောင်ပြီး လှုပ်ရှားသွားလာနေကြတယ်လို့ ဖားကန့်မြို့တွင်းနေ ဒေသခံအမျိုးသားတစ်ဦးကလည်း အခုလို ပြောပါတယ်။

“သူတို့ ပုံစံတွေက ပြည်သူအားလုံးလည်း သိပါတယ်။ ပြည်သူတွေ ကြားထဲနေပြီး ထောက်ပို့တွေ ဘာညာတွေပေါ့ PDFတွေ အရပ်ဝတ်တွေ သွားတာ တချို့လည်း ရှိရင်လည်း ရှိမှာပေါ့။ ဒါမျိုးတွေကို လိုက်ဖမ်းနေတာတွေ စိပ်လာတာပေါ့”လို့ ဒေသခံကဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကုမ္ပဏီဝန်ထမ်း၊ ခရီးသွား ပုံစံတွေနဲ့ပါ ကုမ္ပဏီကား၊ ခရီးသည်တင်ယာဉ်တွေနဲ့ လူရော၊ လက်နက်တွေနဲ့ပါ နည်းလမ်းပေါင်းစုံနဲ့ ဖားကန့်မြို့အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာကြတယ်လို့လည်း ဒေသခံက ဆက်လက်ပြောပါတယ်။

စစ်ကောင်စီတပ်ကနေ နေ့၊ ည လှုပ်ရှားသွားလာတာတွေ၊ လက်နက် ရမ်းသန်းပစ်လေ့ ရှိတာတွေကြောင့် ညရောက်လာမှာကိုတောင် ကြောက်နေရတယ်လို့ ဆိုင်းတောင်ဒေသခံအမျိုးသမီးတစ်ဦးကလည်း အခုလို ပြောပြပါတယ်။

“ခွေးဟောင်ရင်တောင် အရမ်းကြောက်တယ်။ ခါတိုင်းနဲ့ မတူဘူး။ စိတ်ထဲမှာ ညရောက်လာမှာကို အရမ်းကြောက်တယ်” အထက်ပါအမျိုးသမီးက သူ့ရဲ့ စိုးရိမ်ထိတ်လန့်မှုကို ပြောပါတယ်။

အလားတူ ဖားကန့်မြို့ဘက်သာမက မြစ်ကြီးနားမြို့ အထက်ဘက် မြစ်ဆုံဒေသ၊ တန်ဖရဲကျေးရွာက KBC ဘုရားကျောင်းဝင်းမှာလည်း စစ်ကောင်စီတပ်သားအင်အား ၂၀၀ လောက် အခုနှစ် မတ်လ ၈ ရက်နေ့က ဝင်ရောက် စခန်းချ နေထိုင်တာတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကလည်း ပူတာအိုမြို့နယ်၊ ဖုန်ကျန်းကျေးရွာဘက်ကနေ ဆင်းလာတဲ့ စစ်သား အင်အား ၆၀ လောက်နဲ့ KIA/PDF ပူးပေါင်းတပ်တို့ လုံရှာယန်ကျေးရွာအနီး ထိတွေ့တိုက်ပွဲ ၂ ကြိမ်တိုင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူ ရှိခဲ့တယ်လို့လည်း ကြားသိရပါတယ်။

လုံရှာယန်ကျေးရွာအနီးအနားက ဆွမ်ပီယန်၊ တန်ဂျာ၊ ဖတ်မာ အစရှိတဲ့ ကျေးရွာတွေဟာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအတွင်းက နှစ်ဖက်တပ် စစ်ရေးတင်းမာခဲ့တဲ့အပြင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ပါ ရွာအနီးတွေမှာ လာရောက် ဗုံးကြဲခဲ့တာကြောင့် တောတောင်တွေထဲ ၃ လ နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ ဖူးပါတယ်။

စစ်ကောင်စီတပ်ကနေ ၂၀၂၂ခုနှစ်အတွင်းက လုံရှာယန် အနီးအနားတွေမှာ လေယာဉ်နဲ့ လာရောက် ဗုံးကြဲခဲ့တဲ့အတွက် ပြည်သူတွေ ထိခိုက်မှု ရှိခဲ့တဲ့အပြင် နေအိမ်ပျက်စီးမှုတွေလည်း ရှိခဲ့တာပါ။

အခုနှစ် မတ်လအတွင်းမှာလည်း ဖားကန့်မြို့နယ် KIA တပ်ရင်း ၉ နဲ့ တပ်ရင်း ၆ ဘက်ကို စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ ဗုံးလာကျဲတာတွေ ရှိခဲ့ပါတယ်။

KIO/KIAပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရ အာဏာသိမ်းကာလ၂ နှစ်အတွင်း KIAနဲ့ စစ်ကောင်စီတို့ တိုက်ပွဲပေါင်း ၁၁၂၅ ကြိမ် ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Most read this week

May 17, 2024
ပူတာအိုဒေသမှာ ဆန်တစ်ပုံး(၈ ပြည်) ကို ကျပ်တစ်သိန်း နဲ့ ဓာတ်ဆီ တစ်ပုလင်းကို ၇၀,၀၀၀ ကျပ် အထိ...
May 16, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကျောင်းဖွင့်လှစ်နိုင်ရေး...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...
May 15, 2024
မြစ်ကြီးနားအကျဉ်းထောင်နဲ့ မိတ္ထီလာအကျဉ်းထောင်က အကျဉ်းသားတွေအနေနဲ့ ရေကိုဝယ်ယူသုံးစွဲရနေရသလို...