မီးဘေးအန္တရာယ်မဖြစ်ရေး စစ်တွေ လမ်းဘေးဆီဆိုင်များကို ကြပ်မတ်ပေးရန် လိုအပ်လာ

မီးဘေးအန္တရာယ်မဖြစ်ရေး စစ်တွေ လမ်းဘေးဆီဆိုင်များကို ကြပ်မတ်ပေးရန် လိုအပ်လာ

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ပျံကျစက်သုံးဆီဆိုင်များ များပြားလာနေသည့်အတွက် မီးဘေးအန္တရာယ် စိုးရိမ်စရာဖြစ်လာ၍ အာဏာပိုင်များက အထူး ကြပ်မတ်ပေးရန် လိုအပ်နေကြောင်း မြို့ခံများက ပြောဆိုကြသည်။

စစ်တွေမြို့ရှိ တရားဝင်ရောင်းချနေသည့် အဓိက စက်သုံးဆီဆိုင်ကြီးများတွင် ယခင်က ဆီပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ရာမှ  မြို့တွင်းလမ်းဘေးများတွင် ရွေ့လျားပုံစံဖြင့် စက်သုံးဆီဆိုင်ငယ် အများအပြား ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ထိုဆီဆိုင်ငယ်များမှာ လူနေအိမ်အနီးနှင့် လူစည်ကားရာ နေရာတို့တွင် ရောင်းချနေခြင်းဖြစ်သဖြင့် မီးဘေးအန္တရာယ် မတော်တဆဖြစ်မည်ကို စိုးရိမ်ရကြောင်း မြို့ခံများက ပြောဆိုကြသည်။

“အစိုးရက ကြပ်မတ်ပေးမှုအပိုင်းမှာ အရမ်းအားနည်းနေတယ်။ ပျံကျဆီဆိုင်တွေဘေးမှာ လူတွေက တစ်ခါတစ်ခါ ဆေးလိပ်တွေ သောက်နေကြသေးတယ်။ တချို့ဆီဆိုင်ကြီးတွေကလည်း လူထူထပ်တဲ့နေရာတွေမှာ ရှိနေသေးတယ်။ ဒါက အရမ်းအန္တရာယ်များတယ်”ဟု စစ်တွေမြို့ခံ ဦးထွန်းအောင်စိန်က ပြောသည်။

ယခုနှစ် ဇန်နဝါရီမှ ဖေဖော်ဝါရီ လကုန်ပိုင်းအထိ ရခိုင်ပြည်အတွင်း မီးလောင်မှု ၂၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၃၈ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ရခိုင်ပြည်နယ်၊ မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ကလည်း စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ စက်သုံးဆီဆိုင်တစ်ခုတွင် မတော်တဆ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

“အခု ပျံကျဆီဆိုင်တွေက လူနေအိမ်တွေနဲ့ နီးတဲ့နေရာတွေမှာပဲ ရောင်းနေကြတာ။ လမ်းသွားလမ်းလာ လူတွေက အမှတ်တမဲ့ ဆေးလိပ်တွေကို ပစ်ချခဲ့မိရင် အကုန်လုံး မီးလောင်ပြီ။ အစိုးရက ကြပ်မတ်ပေးဖို့ လိုအပ်တယ်”ဟု စစ်တွေမြို့ခံ ဒေါ်အငယ်က ပြောသည်။

လမ်းဘေးစက်သုံးဆီဆိုင် များပြားလာခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီအနေဖြင့် ပညာပေးအစီအစဉ်များ ပြုလုပ်ပေးသွားမည်ဟု ၂၀၂၂ ဒီဇင်ဘာလက DMG သို့ ပြောဆိုထားသည်။ သို့သော်လည်း လက်ရှိအချိန်အထိ ပညာပေးအစီအစဉ်များ ပြုလုပ်ပေးခြင်းကို မတွေ့ရသေးပေ။

“အစိုးရဘက်က လူကြီးတွေ လာမယ်ဆိုရင် လမ်းတွေကို ရှင်းတယ်။ ပြည်သူတွေအတွက် အန္တရာယ်ရှိနေတဲ့ အဲဒီလမ်းဘေးဆီဆိုင်တွေကိုကျတော့ မကြပ်မတ်ပေးဘူး။ ဘယ်သူမှလည်း မနစ်နာရအောင် ပြည်သူတွေလည်းဘေးကင်းအောင် အာဏာပိုင်တွေက သေသေချာချာ ကိုင်တွယ်သင့်တယ်”ဟု စစ်တွေမြို့နေ အခြားအမျိုးသမီးတစ်ဦးက ဆိုသည်။

ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင် လိုင်စင်ဆိုင်ရာအမိန့်တွင် စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်၏ မြေဧရိယာ အကျယ်အဝန်းသည် အနည်းဆုံး စတုရန်းပေ ၂,၀၀၀ နှင့် မျက်နှာစာအဖွင့်အကျယ် အနည်းဆုံး ပေ ၄၀ ရှိရမည်ဖြစ်ပြီး ဆိုင်ဧရိယာနယ်နိမိတ်ကိုလည်း အလွယ်တကူ မီးမလောင်နိုင်သည့် ခြံစည်းရိုး ကာရံရမည်ဖြစ်ကြောင်း ဥပဒေတွင် ပြဌာန်းထားသည်။

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...