စစ်ကောင်စီ ရွေးကောက်ပွဲကို ANP နှင့် AFP အပါအဝင် ရခိုင်မှ မှတ်ပုံတင်သည့်ပါတီ ၄ ခုရှိလာ

စစ်ကောင်စီ ရွေးကောက်ပွဲကို ANP နှင့် AFP အပါအဝင် ရခိုင်မှ မှတ်ပုံတင်သည့်ပါတီ ၄ ခုရှိလာ
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ရခိုင်အမျိုးသားပါတီ၏ မဲဆွယ်စည်းရုံရေးမြင်ကွင်းတစ်ခု။
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ရခိုင်အမျိုးသားပါတီ၏ မဲဆွယ်စည်းရုံရေးမြင်ကွင်းတစ်ခု။

စစ်ကောင်စီက စီစဉ်နေသည့် ရွေးကောက်ပွဲအတွက် ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင့်ဦးဆောင်ပါတီ(AFP) အပါအဝင် ရခိုင်ပြည်အတွင်းမှ မှတ်ပုံတင်ထားသည့် ပါတီ ၄ ခုရှိကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ (RSNUP)နှင့် ခမီအမျိုးသား ဖွံဖြိုးတိုးတက်ရေးပါတီ တို့ဖြစ်ပြီး ပါတီမှတ်ပုံတင်ရခြင်းမှာ မိမိလူမျိုးများကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ရန် လိုအပ်ချက်ကြောင့်ဟု ပါတီတာဝန်ရှိသူတို့က ပြောသည်။

သို့သော်လည်း စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပါတီမှတ်ပုံတင်ခြင်းမှာ ရခိုင်ပြည်သူများ၏ ယုံကြည်မှုကျဆင်းနိုင်ကြောင်း ဒေသခံတချို့က ပြောဆိုနေကြသည်။

“စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိတဲ့အချိန်မှာ ပါတီတွေက ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့အတွက် မှတ်ပုံတင်တယ် ဆိုကတည်းက ရခိုင်ပြည်သူတွေကို မလိုလားဘူးဆိုတဲ့ သဘောဖြစ်သွားတယ်။ ရခိုင်ပြည်သူတွေကလည်း ULA/ AA ရဲ့ အုပ်ချုပ်ရေးရော၊ တရားစီးရင်ရေးတွေကို ထောက်ခံမှုတွေရှိနေတဲ့အခါမှာ စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်တာကတော့ ရခိုင်ပြည်သူတွေရဲ့ ယုံကြည်မှုကို အများကြီးကျဆင်းစေတယ်” ဟု အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။

ရခိုင်ပြည်မှ မြိုတိုင်းရင်းသားပါတီကလည်း မိမိတို့မျိုးနွယ်စုများကို ကိုယ်စားပြု ရပ်တည်ရေးအတွက် မတ်လ ၂၄ ရက်နေ့တွင် မှတ်ပုံတင်သွားမည်ဟု ပါတီဥက္ကဌ ဦးအေးထွန်းက ပြောဆိုထားသည်။

ကမန်အမျိုးသားတိုးတက်ရေးပါတီ မှာလည်း ရွေးကောက်ပွဲအတွက် ပါတီတွင်းအစည်းအဝေးတစ်ရပ် ပြုလုပ်နေကြောင်း သိရသည်။

ပါတီ ဒု-ဥက္ကဌ ဦးတင်ငွေက “ကျနော်တို့ ပါတီအနေနဲ့တော့ ပါတီအတွင်းမှာ မှတ်ပုံ ပြန်တင်၊ မတင်ကို အစည်းအဝေးတစ်ရပ် ပြုလုပ်နေပါတယ်။ မှတ်ပုံတင်၊ မတင်နဲ့ပတ်သက်ပြီး မဆုံးဖြတ်ရသေးတဲ့အတွက် မပြောနိုင်သေးပါဘူး”ဟု ဆိုသည်။

စစ်ကောင်စီသည်  ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ပြဌာန်းလိုက်ပြီး  ရက်ပေါင်း ၆၀ အတွင်း ပါတီများမှတ်ပုံရန် နှင့် မှတ်ပုံမတင်ပါက ပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ရခိုင်ပြည်ထဲမှာရှိတဲ့ ပါတီတွေအနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် မှတ်ပုံတင်တာ ကောင်းတယ်၊ ဆိုးတယ် ဆိုတာထက် သူတို့ရဲ့ ပါတီရပ်တည်ရေး၊ နောက်ပြီးတော့ ပြည်တွင်းနိုင်ငံရေးအတွက် တစ်ခုခုလှုပ်ရှားလို့ရအောင် အခင်းအကျင်းကြားထဲကနေပြီးတော့ စဉ်းစားပုံရတယ်”ဟု ကျောက်ဖြူဒေသခံ ကိုထွန်းကြည်က သုံးသပ်သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်တွင် တစ်နိုင်ငံလုံးအဆင့် ပါတီများအနေဖြင့် ပါတီဝင်အင်အား တစ်သိန်း၊ တိုင်းနှင့်ပြည်နယ်အဆင့် ပါတီများအနေဖြင့် ပါတီဝင်အင်အား တစ်သောင်းနှင့် တစ်နိုင်ငံလုံးအဆင့် ပါတီများအနေဖြင့် ပါတီရန်ပုံငွေ သိန်း(၁,၀၀၀)၊ တိုင်းနှင့်ပြည်နယ်အဆင့် ပါတီများအနေဖြင့် ရန်ပုံငွေ သိန်း (၁၀၀) ရှိရမည်ဟု သတ်မှတ်ထားသည်။

ထိုကြောင့် ရခိုင်ပြည်မှ ဒိုင်းနက်ပါတီအနေဖြင့် ငွေရေးကြေးရေး အခက်အခဲရှိသည့်အတွက် ပါတီမှတ်ပုံတင်သွားမည် မဟုတ်ကြောင်း ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ ဥက္ကဌ ဦးအောင်ကျော်ဇောက DMG သို့ပြောဆိုထားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)ကတော့ စစ်ကောင်စီကကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်မယှဉ်ပြိုင်ကြောင်း အတိအလင်း ပြောဆိုထားသည်။

တစ်နိုင်ငံလုံးတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ မတ်လ ၂၂ ရက်နေ့အထိ မှတ်ပုံတင်သည့် နိုင်ငံရေးပါတီပေါင်း ၃၃ ခုရှိပြီး ယင်းအထဲတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၈ ခုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် စည်းလုံးမည့်ပါတီ ၂၅ ခုရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။

September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...