အရှေ့တောင်တိုင်းစစ်ဌာနချုပ် ပစ်ခတ်တိုက်ခိုက်ခံရ

အရှေ့တောင်တိုင်းစစ်ဌာနချုပ် ပစ်ခတ်တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း တိုင်းစစ်ဌာနချုပ်အနီး နေထိုင်သူတို့၏ ပြောကြားချက်အရ သိရသည်။

မတ်လ ၁၆ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်ခန့်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း ပေါက်ကွဲသံ ၃ ကြိမ် ကြားခဲ့ရသည်ဟု တိုင်းစစ်ဌာနချုပ်အနီး နေထိုင်သူတစ်ဦးက ပြောသည်။

တိုင်းစစ်ဌာနချုပ်အတွင်း Drone ဖျက် Jumper များတပ်ဆင်ထားသည့်အတွက် Drone ဖြင့် တိုက်ခိုက်ခံရမှုမဖြစ်နိုင်ဟု ယူဆကြောင်း၊ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရနိုင်ကြောင်း ၎င်းက ဆိုသည်။

“မနက်မှသိရတာက အဆောက်အဦးတစ်ခုပျက်ဆီးသွားတယ်။ အခြေအနေအသေးစိတ်တော့ မသိဘူး” ဟု အထက်ပါ တိုင်းစစ်ဌာနချုပ်အနီး နေထိုင်သူက ပြောသည်။

တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း ရှော့တိုက်ဒုံး ၃ လုံး ပစ်ခတ်ခံရပြီး တစ်လုံးက အိမ်ထောင်သည် လိုင်းခန်းပေါ်ကျကွဲကြောင်း၊ ငွေစာရင်းရုံးအနောက်ဘက်တွင် တစ်လုံး၊ တောထဲတွင် တစ်လုံး ကျကွဲသွားသည်ဟု မြို့ခံတို့အကြား ပြောဆိုနေကြသော်လည်း လွတ်လပ်သော မွန်သတင်း အေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ကမှ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လက မော်လမြိုင်မြို့ ရွှေနတ်တောင်ပေါ်မှ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အား ပစ်ခတ်ရန်ချိန်ရွယ်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံးနှစ်လုံးကို စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တို့က တွေ့ရှိသိမ်းဆည်းရမိခဲ့သေးသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်သည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းက ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကတာဝန်ယူဆောင်ရွက်နေသည့် တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...
မွန်ပြည်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းအချို့ / Crd
September 9, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် တရားမဝင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်...
မောတောင်မြို့အဝင် ဆိုင်းဘုတ် / Crd
September 9, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့နှင့် မောတောင်–ထုံခါး လမ်းပိုင်းတစ်လျှောက်တွင်...