ရခိုင်တွင် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက စစ်ဆေးရေးဂိတ်များ တင်းကျပ်ထားဆဲ

ရခိုင်တွင် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက စစ်ဆေးရေးဂိတ်များ တင်းကျပ်ထားဆဲ
ရန်ကုန်ဘက်မှလာလျှင် မြောက်ဦးမြို့အဝင်တွင်ရှိသည့် ခမရ - ၅၄၀ တပ်ရင်းမှ ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်အား တွေ့ရစဉ်။ (ဓာတ်ပုံ - Citizen Journalist)
ရန်ကုန်ဘက်မှလာလျှင် မြောက်ဦးမြို့အဝင်တွင်ရှိသည့် ခမရ - ၅၄၀ တပ်ရင်းမှ ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်အား တွေ့ရစဉ်။ (ဓာတ်ပုံ - Citizen Journalist)

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် AA တို့ အပစ်ခတ်ရပ်စဲသည်မှာ ၃ လကျော် ကြာမြင့်လာသော်လည်း ရန်ကုန်-စစ်တွေ ကားလမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များကို စစ်ကောင်စီက ဆက်လက် တင်းကျပ်ထားသည့်အတွက် ဒေသခံများမှာ ခရီးသွားလာရာတွင် စိတ်အနှောင့်အယှက်ဖြစ်နေကြရသည်။

စစ်ဆေးရေးတင်းကျပ်ထားသည့်အတွက် စစ်တွေ-ကျောက်တော်-မြောက်ဦး-မင်းပြား-မြေပုံ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ၊ စစ်တွေ-ရန်ကုန်-မန္တလေး ပြေးဆွဲနေသည့် အဝေးပြေးယာဉ်များတွင် လိုက်ပါလာသည့်ခရီးသည်များမှာ အချိန်ကြန့်ကြာမှုများ ကြုံနေရကြောင်း ပြောဆိုကြသည်။

မြောက်ဦး-စစ်တွေသို့ ပြေးဆွဲနေသည့် ကားသမားတစ်ဦးက “ကျနော်တို့ မြောက်ဦးကလာတယ်ဆိုရင် ကျောက်တော်တပ်နယ် စကခ ၁၉ မှာ စစ်ဆေးခံရတယ်။ အဲဒီစစ်ဆေးရေးဂိတ်ကိုရောက်ရင် ခရီးသည်တွေ ကားပေါ်က ဆင်းပြီးတော့ သွားရတယ်။ ဆိုင်ကယ်တွေဆိုရင်လည်း တွန်းပြီးတော့ သွားရတယ်။ ကားသမား၊ ခရီးသည်တွေအနေနဲ့ အနှောင့်အယှက်ဖြစ်တာပေါ့”ဟု ဆိုသည်။

ယင်းအပြင် စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးဂိတ်တွင်လည်း ခရီးများကို မှတ်ပုံတင်စစ်ဆေးမှုများ ရှိသည့်အတွက် အချိန်ကြန့်ကြာမှုများရှိနေကြောင်း စစ်တွေ-ကျောက်တော် ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။

“အဲဒီဂိတ်မှာတော့ ခရီးသည်တွေက ဆင်းပြီးတော့ သွားရတာတွေ တော့မရှိဘူး။ ဒါပေမယ့် ခရီးသည်တွေရဲ့ မှတ်ပုံတင်တွေ၊ ဖုန်းတွေကို စစ်ဆေးတာ ရှိတယ်။ ခရီးသည်များတယ်ဆိုရင် စစ်ဆေးတာက အချိန်ကြာတာပေါ့ ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကားသမားတစ်ဦးက ဆိုသည်။

ထိုနည်းအတူ အမ်းမြို့နယ်၊ ပဲပဒုံးစစ်ဆေးဂိတ်တွင်လည်း ရခိုင်ပြည်အတွင်းသို့ ဆေးဝါးသယ်ယူခွင့်ကို နယ်/လုံလက်မှတ်ပါမှသာ ခွင့်ပြုထားပြီး ခရီးသည်များကိုလည်း ယခင်ကထက် စစ်ဆေးမှုများရှိကြောင်း အမ်းမြို့ခံ ကိုမျိုးလွင်က ပြောသည်။

“အဲဒီစစ်ဆေးရေးဂိတ်မှာ ဆေးဝါးသယ်ယူခွင့်တွေကို နယ်/လုံဝန်ကြီးလက်မှတ်ပါမှ သယ်ယူခွင့်ရတယ်။ ဆိုင်ကယ်တွေကိုလည်း တွန်းပြီးတော့ သွားရတယ်။ ခရီးသည်တွေဆိုရင်လည်း ကားပေါ်ကဆင်းပြီးတော့ သွားရတယ်။ အရင်ကထက်ပိုပြီးတော့ စစ်ဆေးမှုတွေ များလာတယ်”ဟု ကိုမျိုးလွင်က ဆိုသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UNOCHA)၏ ၂၀၂၃ မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေးအဖွဲများကို စစ်ဆေးရေးဂိတ်များတွင် ကြန့်ကြာမှုများဖြစ်စေသော စိစစ်ခြင်းများရှိကြောင်း ဆိုထားသည်။

“အချို့သော စစ်ဆေးရေးဂိတ်များတွင် လတ်တလော ရက်သတ္တပတ်များအတွင်း ကြာမြင့်ချိန် လေးနာရီမှ နှစ်နာရီသို လျော့ချလိုက်သော်လည်း  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အချိန်မီပေးပို့ခြင်းကို အဟန့်အတားဖြစ်နေဆဲဖြစ်သည်”ဟု တရားဝင်ထုတ်ပြန်ထားသည်။

ထို့အတူ စစ်ဆေးရေးတင်းကျပ်မှုများကြောင့် ရခိုင်ပြည်တစ်ဝှမ်းရှိ ပဋိပက္ခဒဏ်သင့်နေရာများသို့ဝင်ရောက်ရန် မဖြစ်မနေလိုအပ်သည့် ခရီးသွားခွင့်ပြုချက် ရယူခြင်းသည် အချိန်နှောင့်နှေးမှုများ ဖြစ်နေရကြောင်းလည်း UNOCHA က ဆိုသည်။

ထို့သို့ ခရီးသည်များနှင့်ကားသမားများကို စစ်ကောင်စီ စစ်ဆေးဂိတ်များတွင် စစ်ဆေးမှုတင်းကျပ်မှုများနှင့် ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်နှင့် AA တို့၏ တကျော့ပြန်တိုက်ပွဲများသည် လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်ကစပြီး ရပ်တန့်နေခဲ့သည်။ အပစ်ခတ်ရပ်ချိန်တွင် လမ်းပန်းဆက်သွယ်ရေးကို စစ်ကောင်စီက ပြန်ဖွင့်ပေးရန် စစ်ကောင်စီနှင့် AA တို့ကြား ကတိကဝတ်များရှိခဲ့သည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခ ပြောဆိုခဲ့သည်။

ပုံစာ - ရန်ကုန်ဘက်မှလာလျှင် မြောက်ဦးမြို့အဝင်တွင်ရှိသည့် ခမရ - ၅၄၀ တပ်ရင်းမှ ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်အား တွေ့ရစဉ်။ (ဓာတ်ပုံ - Citizen Journalist)

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...