ငါးမဖမ်းရ တားမြစ်ချက်ကြောင့် ကျောက်ဖြူမြို့နယ်မှ ရေလုပ်သားများ အခက်တွေ့နေ

ငါးမဖမ်းရ တားမြစ်ချက်ကြောင့် ကျောက်ဖြူမြို့နယ်မှ ရေလုပ်သားများ အခက်တွေ့နေ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာမှ ရေလုပ်သားများကို ရွာအနီးရှိ ချီကျန်းမြစ်အတွင်း ကျားပိုက်ချခြင်း၊ ငါးရှာခြင်းများ တစ်လခန့်မပြုလုပ်ရန် စစ်ကောင်စီက တားမြစ်ထားကြောင်း ဒေသခံ ရေလုပ်သားများထံမှ သိရသည်။

စစ်ကောင်စီက သင်္ဘောကြီးများဖြင့် ချီကျန်းမြစ်ကိုဖြတ်ကာ ကျောက်ဖြူမြို့နယ် အုန်းကျွန်းသို့ လျှစ်စစ်မီးကြိုးများ ပို့ဆောင်နေကြောင်း ဒေသခံများကပြောသည်။

ထိုသို့ သင်္ဘောကြီးများသွားလာစဉ် ငါးဖမ်းသမားများ အန္တရာယ်မဖြစ်စေရေးအတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စစ်ကောင်စီရေတပ် တာဝန်ရှိသူများက ငါးမဖမ်းရန် လာရောက်တားမြစ်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ကျားပစ်ချနေတာကို ရေတပ်စခန်းက မီးကြိုးသယ်မှာဖြစ်တဲ့အတွက် ၁ လ လောက် ပိုက်မချနဲ့။ သင်္ဘောနဲ့ ပိုက်နဲ့ငြိသွားရင် ပိုက်သမားအတွက်လည်း မကောင်းဘူး။ သင်္ဘောအတွက်လည်း အနှောင့်အယှက်ဖြစ်မှာ ဖြစ်တဲ့အတွက် တားမြစ်လာတာ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် သစ်ပုတ်တောင်ကျေးရွာမှ ရေလုပ်သားတစ်ဦးက DMG ကို ပြောသည်။

ကျောက်ဖြူမြို့နယ်၊ အုန်းကျွန်းတွင်ရှိသည့် စစ်ကောင်စီ၏ ရေတပ်ဌာနခွဲတွင် လျှပ်စစ်မီးမရှိသေးသည့်အတွက် မီးတပ်ဆင်ရန် လက်ရှိတွင် လျှပ်စစ်မီးကြိုးများနှင့် လျှပ်စစ်ပစ္စည်းများကို သင်္ဘောကြီးများဖြင့် သယ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံရေလုပ်သားများမှာ ချီကျန်းမြစ်အတွင်းတွင် ကျားပိုက်ချကာ ရှာဖွေစားသောက်နေကြပြီး အချိန်တစ်လခန့် အလုပ်ရပ်နားထားရမည်ဆိုပါက မိသားစုစားဝတ်နေရေး ထိခိုက်လာမည်ဟု ပြောဆိုကြသည်။

“အခုလို တားမြစ်လိုက်တော့ ကျနော်တို့မှာ ပိုက်လည်းမချရဘူး။ ပိုက်မချရရင် ကျနော်တို့မှာ အခက်အခဲရှိတယ်။ တခြားအလုပ်လည်း ရှိတာမဟုတ်ဘူး။ သူတို့ဘက်က ကျနော်တို့ ပိုက်သမားတွေကို ငဲ့ညာသင့်တယ်”ဟု နောက်ထပ် ကျားပိုက်သမားတစ်ဦးက ပြောသည်။

ရေလုပ်သားများမှာ ဒီရေတိုးချိန်မှသာ ငါးဖမ်းကြရပြီး လက်ရှိဒီရေတိုးနေချိန်တွင် ငါးမဖမ်းရန် တားမြစ်ခံထားရသဖြင့် ရေလုပ်သားများအတွက် နစ်နာမှုရှိကြောင်းလည်း ပြောဆိုကြသည်။

“ဒီရေတစ်ခေါက်တက်ရင် ငါးဖမ်းရတာ ၈ ရက်ဝန်းကျင်လောက်မှာ ငွေကျပ် ၃ သိန်းကနေ ၅ သိန်း ဝန်းကျင်လောက်ရတယ်”ဟု သစ်ပုတ်တောင်ကျေးရွာမှ နောက်ထပ်ရေလုပ်သားတစ်ဦးက ပြောသည်။

လက်ရှိ ဒီရေတက်ချိန်တွင် ငါးမဖမ်းရန်တားမြစ်ခံထားရသည့် ရေလုပ်သားများ၏ နစ်နာမှုအတွက် မည်သို့ဆောင်ရွက်ပေးမည်ကို ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရထံသို့ DMG က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ကျောက်ဖြူမြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးဖိုးစံက “ရေလုပ်ငန်းသားတွေ နစ်နာတဲ့အတွက် နစ်နာကြေးကတော့ အဲဒါက သက်ဆိုင်တဲ့အလုပ်လုပ်ဖို့ ကုမ္ပဏီနဲ့ ကျေးရွာသားတွေနဲ့ ညှိနှိုင်းကြရမယ်။ ရေလုပ်သားတွေမှာလည်း ကျနော်တို့မှာ အခက်အခဲရှိတဲ့အတွက် ကူညီထောက်ပံ့တဲ့အနေနဲ့ လုပ်ပေးပါဆိုပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းရမယ်လို့မြင်တယ်”ဟု အကြံပြုပြောဆိုသည်။

ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ကျေးရွာတွင် အိမ်ခြေ ၁၅၀ ခန့်နှင့် လူဦးရေ ၆၀၀ ကျော်နေထိုင်လျက်ရှိပြီး အများစုမှာ ရေလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုနေကြခြင်းဖြစ်သည်။

သစ်ပုတ်တောင်ကျေးရွာသားများအား ငါးမဖမ်းရန် လက်ရှိတွင် တစ်လခန့်တားမြစ်ထားသော်လည်း ယင်းအချိန်ထက်တိုးမြင့်ကာ တားမြစ်လာမည်ကို ရေလုပ်သားများက ပို၍စိုးရိမ်နေကြသည်။

April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...