ကလေးမြို့အကျဉ်းထောင်အတွင်း ထိုးကြိတ်ရိုက်နှက်ခံရသည့် အကျဉ်းသားတစ်ဦး ဆေးကုသခွင့်ပြန်ရ

ကလေးမြို့အကျဉ်းထောင်အတွင်း ထိုးကြိတ်ရိုက်နှက်ခံရသည့် အကျဉ်းသားတစ်ဦး ဆေးကုသခွင့်ပြန်ရ
by -
ခိုနူမ်းထုန်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အင်တိုင်းလေးအကျဉ်းထောင်တွင် ထောင်ဝန်ထမ်းတစ်ဦး၏ ထိုးကြိတ်ကန်ကျောက်ရိုက်နှက်မှုကြောင့် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့သည့် အကျဉ်းသားတစ်ဦးသည် ကလေးမြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသခွင့်ပြန်လည်ရရှိခဲ့သည်ဟု သိရသည်။

အင်တိုင်းလေးအကျဉ်းထောင်မှ အကျဉ်းသား တာဟန်းရပ်ကွက်နေ ဦးထန်းလိုရာ၏ သားဖြစ်သူ ဦးလားလောမ်ကီးမာသည် ပြီးခဲ့သည့်သြဂုတ်လ ၂၄ ရက်နေ့က အကျဉ်းထောင်ဝန်ထမ်း တပ်သား စည်သူက လက်​သီးဖြင့်​ ထိုးနှက်​ ပြီး မြေကြီးပေါ်လဲ​နေ​သော လောမ်ကီးမာ ဦး​ခေါင်​းကို စစ်​ဖိနပ်​ဖြင့်​ ကန်ကျောက်မှုကြောင့် ပါးစပ်​နှင့်​ ​နှာ​ခေါင်​းတို့မှ ​သွေးများထွက်​ကျလာပြီး သတိလစ်​သွားခဲ့သည်ဟု သူနှင့်နီးစပ်သူများထံမှသိရသည်။

ယင်းကဲ့သို့ နှိပ်စက်မှုကြောင့် ဒဏ်ရာပြင်းထန်လွန်းသဖြင့် ကလေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြပြီး ၃ ရက်သာ ဆေးကုသခွင့်ခံယူပြီး ဒဏ်ရာသက်သာခြင်းမရှိသေးခင် အကျဉ်းထောင်သို့ ပြန်လည်ပို့ ဆောင်ခြင်းခံရသည်ဟု သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မိသားစုဝင်များမှ အထက်ချင်းတွင်းလူငယ်များကွန်ယက်အဖွဲ့ထံ အကျိူးကြောင်းတင်ပြကာ ယင်းလူငယ်အဖွဲ့၏ ကူညီဆောင်ရွက်မှုဖြင့် လောမ်ကီးမာသည် စက်တင်ဘာ ၅ ရက်နေ့က ကလေးမြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသခွင့်ပြန်လည်ရရှိခဲ့သည်ဟု သိရသည်။

အထက်ချင်းတွင်းလူငယ်များကွန်ယက် ဥက္ကဌ ကိုကျော်သက်ဝင်းက တော့ ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သည့် တာဝန်ရှိသူများ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောသည်။

“ကျွန်တော်တို့ကတော့သက်ဆိုင်တဲ့ တာဝန်ရှိတဲ့လူတွေနဲ့တွေ့ပြီးတော့ ဒီလိုမျိုးအကျဉ်းထောင်စည်းကမ်းကိုဖောက်ဖျက်တယ် တဖက်ကလည်းလူ့အခွင့်အရေးကိုချိုးဖောက်တယ် တဖက်ကလည်းဒီအကျဉ်းထောင်ထဲမှာ အတင်းအဓမ္မဖမ်းဆီးရိုက်နှက််တယ်၊ ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ ထိထိရောက်ရောက်ပေါ့နော် တာဝန်ရှိတဲ့လူ ရိုက်နှက်လူတွေတင်မှာမဟုတ်ပါဘူး ရိုက်နှက်တဲ့အချိန်မှာ အဲဒီကာလမှာရှိတဲ့တာဝန်ရှိတဲ့လူတွေ ထိထိရောက်ရောက်အရေးယူပေးဖို့ သက်ဆိုင်တဲ့လူကြီးတွေ ဝန်ကြီးဌာနတွေ ဌာနဆိုင်ရာအဖွဲ့စည်းတွေနဲ့ သွားရောက်လုပ်ဆောင်ဖို့ရှိပါတယ်” ဟု ၎င်းကပြောသည်။

ဦးလားလောမ်ကီးမာသည် ကလေးမြို့အကျဉ်းထောင်တွင် ထောင်ဒဏ် ၁၂ နှစ်ကျခံနေရသူဖြစ်ပြီး အကျဉ်းထောင်အတွင်း မိန်းဂျီးရုံးတွင်အလုပ်တာဝန် ပေးအပ်ခဲ့သူတစ်ဦးဖြစ်ကြောင်းသိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...