စစ်တွေ ကန်တော်ကြီးတွင် ရေခမ်းခြောက်နေပြီဖြစ်၍ ရေရှားပါးမှုနှင့်ကြုံတွေ့လာရမည်ကို မြို့ခံများစိုးရိမ်နေ

စစ်တွေ ကန်တော်ကြီးတွင် ရေခမ်းခြောက်နေပြီဖြစ်၍ ရေရှားပါးမှုနှင့်ကြုံတွေ့လာရမည်ကို မြို့ခံများစိုးရိမ်နေ

စစ်တွေမြို့ပေါ်ရပ်ကွက်များကို အဓိက ရေဖြန့်ဝေပေးနေသည့် ကန်တော်ကြီးတွင် ရေခမ်းခြောက်နေပြီဖြစ်သဖြင့် နွေရာသီကာလအတွင်း ရေရှားပါးမှုပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့လာရမည်ကို မြို့ခံများက စိုးရိမ်နေကြသည်။

လက်ရှိမှာ ကန်တော်ကြီး၊ ဓညဝတီ၊ အာဂျိတ်တော်ကုန်း၊ ရွာသာယာ၊ မိဇံ စသည့်ရပ်ကွက်တို့တွင် ကန်တော်ကြီးရေ ပုံမှန်မရရှိတော့သဖြင့် သောက်သုံးရေအခက်အခဲနှင့် စတင်ကြုံတွေ့နေရပြီဖြစ်ကြောင်း သိရသည်။

ကန်တော်ကြီးရေမရရှိသည့်အတွက် ရေတိုင်ကီတစ်ဘူးကို ငွေကျပ် ၄,၀၀၀ အထိပေးကာ ဝယ်ယူသုံးစွဲနေရသည်ဟု စစ်တွေမြို့၊ ဓညဝတီရပ်ကွက်မှ ဒေါ်ယီယီသန်းက ပြောသည်။

“ရေတိုင်ကီတစ်ဘူး ၄,၀၀၀ ကျပ်ပေးဝယ်နေရတော့ တစ်လဆိုရင် လေးသောင်းဖြစ်သွားပြီ။ မတတ်နိုင်သူတွေဆိုရင် ခက်ခဲတယ်လေ။ ရေတစ်ဘူးကိုလည်း တစ်ရက်ပဲသုံးရတယ်။ ပြီးရင် သောက်ရေအတွက်လည်း သီးသန့်ဝယ်သောက်နေရတယ်လေ”ဟု ပြောသည်။

စစ်တွေမြို့တွင် ကန်တော်ကြီးရေ ပုံမှန်မရရှိသည့်ရပ်ကွက် ၅ ခုထက်မနည်းရှိနေပြီး ရေရရှိသည့် ရပ်ကွက်များတွင်လည်း အိမ်တိုင်းစေ့မရရှိကြကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ကန်တော်ကြီးရပ်ကွက်ရှိ လမ်းမကြီးတစ်လျှောက်နေထိုင်သူများမှာ ထိုကန်မှရေကို မရရှိသည့်အတွက် အနီးအနားရှိ ဘုန်းကြီးကျောင်းရေကန်များမှ တွန်းလှည်းများဖြင့် သယ်ယူအသုံးပြုနေရကြောင်း ဒေသခံများကပြောသည်။

ကန်တော်ကြီးရပ်ကွက်မှ ဒေါ်သန်းနုရီက “ကန်တော်ကြီး အောက်ဘက်ကသူတွေဆိုရင် အဝီစိရေကို ဝယ်လို့သုံးကြတယ်။ ကျမတို့က လမ်းမဘက်ကဆိုတော့ အဝီစိတွင်းကရေကို ယူဖို့မလွယ်ဘူး။ ပိုက်နဲ့သွယ်ဖို့ကမလွယ်ဘူး။ ကန်တော်ကြီးအနီးမှာနေရပေမယ့် ကန်တော်ကြီးရေကို မသုံးရဘူး”ဟု ပြောသည်။

ကန်တော်ကြီးရေကို အသုံးပြုနေကြသူများမှာ မိုးရာသီကာလတွင် လိုသလိုသုံးစွဲနိုင်သော်လည်း နွေရာသီရောက်တိုင်း ရေအခက်အခဲနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။ စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင်ဆိုလျှင် ရက်ကွက်ပေါင်း ၁၉ ခုအထိရှိပြီး ကန်တောကြီးရေ လုံးဝသုံးစွဲခွင့်မရရှိသဖြင့် အဝီစိရေကိုသာ အားကိုးနေကြရသည်။

စစ်တွေကန်တော်ကြီးမှာ မိုးရေလှောင်ကန်ဖြစ်ပြီး စိမ့်ရေမထွက်သဖြင့် ရေကုန်ခမ်းသွားလျှင် အစားထိုးဖြည့်တင်းရန် အခက်အခဲလည်းရှိနေပြီး ကန်တော်ကြီးရေခမ်းခြောက်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာနေသည်။

ယခုနှစ်တွင် နွေရာသီကူးပြောင်းစမှာပင် ရေရှားပါးမှုကိုကြုံတွေ့နေရသဖြင့် ပြည်နယ်စစ်ကောင်စီအနေဖြင့် တစ်စုံတစ်ရာဖြေရှင်းပေးရန် မြို့ခံများက တောင်းဆိုနေကြသည်။

 “နှစ်စဉ်နှစ်တိုင်းကတော့ ကန်တော်ကြီးကို ဘတ်ဖိုးတွေနဲ့ တူးကြတာတော့ မြင်တယ်။ စစ်တွေမြို့မှာ အခုက လူဦးရေတိုးလာတော့ ရေတွေဟာ လုံလုံလောက်လောက် မဖြစ်ဘူး။ မိုးရာသီကို ရောက်အောင်ထိ ရေက မလုံလောက်ဘူး။ ရေအခက်အခဲရှိတယ်။ ဒါကြောင့် ရေနဲပတ်သက်ပြီး စနစ်တကျ လုံလုံလောက်လောက် သန့်သန့်ရှင်းရှင်းလေးဖြစ်အောင်တော့ လုပ်စေချင်တယ်”ဟု စစ်တွေမြို့ဒေသခံ မဌေးဌေးကပြောသည်။

ကန်တော်ကြီးရေကန်အခြေအနေနှင့် ပတ်သက်၍ မည်သို့၊ မည်ပုံဆောင်ရွက်မည်ကို သိရှိနိုင်ရန်အတွက် ပြည်နယ်စစ်ကောင်စီ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဒေါ်ခင်ခင်စိုးနှင့် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသဖြင့် လက်တလောတွင် တစ်စုံတစ်ရာတုန့်ပြန်ချက် မရရှိသေးပေ။

စစ်တွေမြို့တွင် ရေရှားပါးမှုမဖြစ်စေရန်အတွက် ကန်တော်ကြီးရေကန်ကို နှစ်စဉ်နှစ်တိုင်း တူးဖော်မှုများလုပ်ဆောင်သော်လည်း နွေရာသီရောက်တိုင်း မြို့ပေါ်ရေရှားပါးမှုပြဿနာကို ကြုံတွေ့နေရဆဲဖြစ်သည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...