ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုကို QR Code စနစ်ဖြင့် စတင်လုပ်ဆောင်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုကို QR Code စနစ်ဖြင့် စတင်လုပ်ဆောင်နေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါး၊ ပုဇွန်၊ ကဏန်းနှင့် ကြက်သွန်၊ ငရုပ်၊ ဆန် စသည့် ကုန်ပစ္စည်းများကို အဓိကတင်ပို့သည်။ ဓာတ်ပုံ - RSCCI
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါး၊ ပုဇွန်၊ ကဏန်းနှင့် ကြက်သွန်၊ ငရုပ်၊ ဆန် စသည့် ကုန်ပစ္စည်းများကို အဓိကတင်ပို့သည်။ ဓာတ်ပုံ - RSCCI

ရခိုင်ပြည်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို QR Code စနစ်ဖြင့် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကုန်သွယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့်ပစ္စည်းများကို သက်ဆိုင်ရာ ကုန်သွယ်ရေးဦးစီးဌာနတွင် လိုင်စင်လျှောက်ရပြီး ထိုမှတစ်ဆင့် အကောက်ခွန်ဌာနက စီစစ်ကာ တင်ပို့နေခြင်းဖြစ်သည်။ လက်ရှိမှာ QR Code စနစ်ဖြင့် ကုန်သွယ်ရမည်ဖြစ်၍ ပစ္စည်းတင်ပို့ခွင့်ရရှိရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ၂၄ နာရီအတွင်း အွန်လိုင်းမှတစ်ဆင့် QR Code လျှောက်ထားရမည် ဖြစ်သည်။

“ကုန်သွယ်မယ့် ယာဉ်တွေက QR Code တစ်ခု ပိုသွားတယ်။ ဒီတော့ ကုန်သည်တွေမှာ ဘာမှမလုပ်ထားဘဲ ချက်ချင်းကြီးဖြစ်သွားတော့ သူတို့(ကုန်သည်)မှာ အခက်အခဲဖြစ်သွားကြတယ်။ အရင်တစ်ခေါက်ကဆိုရင် စစ်တွေရောက်ပြီးသား ကုန်တွေလည်း QR Code ကိုစောင့်ရင်း ပစ္စည်းဆုံးရှုံးမှုတွေ ဖြစ်သွားပြီး တော်တော်လေး ဖြေရှင်းလိုက်ရပါတယ်”ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။

ကုန်သွယ်ရေးလုပ်ငန်းများ တရားဝင် မှန်ကန်စွာ ဆောင်ရွက်လာစေရန်၊ ကုန်သွယ်ယာဉ်များကို စနစ်တကျရှိစေရန်နှင့် ကုန်ပစ္စည်းများစစ်ဆေးရာတွင် လွယ်ကူချောမွေ့စွာဖြင့် ဆောင်ရွက်နိုင်စေရန်အတွက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစ၍ တစ်နိုင်ငံလုံးတွင် ကုန်သွယ်ရေးလုပ်ငန်းကို QR Code စနစ်ဖြင့်ပြုလုပ်ရန်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကုန်သည်များအနေဖြင့် အွန်လိုင်းစနစ်နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေးသည့်အတွက် အခက်အခဲများရှိနေပြီး QR Code စနစ်ဖြင့် ကုန်သွယ်ရာတွင်လည်း အချိန်ကြန့်ကြာမှုများရှိသည်ဟု စစ်တွေမြို့မှ ကုန်သည်တစ်ဦးဖြစ်သူ ဦးညီညီက ပြောသည်။

“တစ်ရက်လုပ်ရမယ့် ကိစ္စကို နှစ်ရက်လုပ်ရတယ်။ QR Code လျှောက်ရင်လည်း အမှားပါသွားတာဖြစ်ဖြစ်၊ လိုအပ်နေတာတွေဖြစ်ဖြစ် ချက်ချင်းမသိရဘူး။ ကွန်ပျူတာရှေ့မှာ တစ်ရက်လုံးထိုင်စောင့်နေရတယ်။ အရင်ကဆိုရင် သင်္ဘောထွက်တော့မယ်ဆိုရင် ရုံးထဲဝင်လိုက်၊ စာရေးတွေကလိုအပ်တာတွေကို ပြောလိုက်ရင် ချက်ချင်းကြီးရသွားတယ်”ဟု ဦးညီညီက ပြောသည်။

QR Code စနစ်ကို နယ်စပ်ကုန်သွယ်ရေး တစ်ခုတည်းမှာသာမဟုတ်ဘဲ ပြည်ပနိုင်ငံများနှင့် ကုန်စည် သယ်ယူပို့ဆောင်ရေးအားလုံးတွင် QR Code စနစ်ဖြင့် သွားလာရမည်ဖြစ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မောင်တောမြို့နယ်မှ ကုန်သည်တစ်ဦးက QR Code စနစ်အသုံးပြုရာတွင် အင်တာနက်လိုင်းမကောင်းသဖြင့် အချိန်ကြန့်ကြာကာ ကုန်ပစ္စည်းများပါ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း ပြောသည်။

“အရင်ကဆိုရင် ပုံမှန်အတိုင်း ကုန်သွယ်လို့ရတော့ အဆင်ပြေသလို သွားလို့ရတယ်။ အခုက QR Code နဲ့ သွားလာရမယ်ဆိုတော့ ပုံမှန်ထက် အချိန်တစ်ခုပေးနေရတယ်။ ကျနော်တို့ဘက်မှာ အင်တာနက်လိုင်းတွေလည်း မကောင်းဘူး။ QR Code လျှောက်တဲ့အခါ စောင့်ဆိုင်းနေရတယ်။ အရင်တစ်ခေါက်ကဆိုရင် ငါးတွေ ပျက်စီးသွားလို့ စျေးကောင်းမရဘဲ ဖြစ်သွားခဲ့တယ်”ဟု ၎င်းကပြောသည်။

ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ငါး၊ ပုဇွန်၊ ကဏန်းနှင့် ကြက်သွန်၊ ငရုပ်၊ ဆန် စသည့် ကုန်ပစ္စည်းများကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး တစ်ဖက်နိုင်ငံမှ သွပ်၊ သံထည် စသည့်ဆောက်လုပ်ရေးပစ္စည်းများကို မြန်မာဘက်သို့ တင်သွင်းနေခြင်းဖြစ်သည်။

ရခိုင်ပြည်တွင် ဒေသမတည်ငြိမ်မှုကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက နယ်စပ်ကုန်သွယ်မှုပမာဏမှာ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ရသည်။ မောင်တောနှင့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုမှ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၈၄ ဒသမ ၀၁၁ သန်း ကုန်သွယ်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၉ ဒသမ ၈၉၇ သန်းအထိသာ ကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ပုံစာ - ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါး၊ ပုဇွန်၊ ကဏန်းနှင့် ကြက်သွန်၊ ငရုပ်၊ ဆန် စသည့် ကုန်ပစ္စည်းများကို အဓိကတင်ပို့သည်။ ဓာတ်ပုံ - RSCCI

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...