ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ARSA နှင့် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား၊ ကလေးနှစ်ဦးဒဏ်ရာရ

ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ARSA နှင့် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား၊ ကလေးနှစ်ဦးဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်ရှိ အမှတ်(၈) ကူတူပါလောင်ဒုက္ခသည်စခန်းတွင် ယမန့်နေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က ARSA နှင့် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဝင်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ အမှတ်(၈) ကူတူပါလောင်ဒုက္ခသည်စခန်းတွင် ARSA အဖွဲ့များရှိသည်ဟု သတင်းကြားသဖြင့် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေဖမ်းဆီးရာ မိနစ် ၃၀ ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ယင်းဒုက္ခသည်စခန်းမှ အမည်မဖော်လိုသူတစ်ဦးက DMG သို့ ပြောသည်။

“မနေ့က နေ့လည် ၁၂ နာရီလောက်မှာ ARSA အဖွဲ့က လူတွေကို ရဲတပ်ဖွဲ့တွေက လိုက်ဖမ်းတာ။ သူတို့(ARSA)အဖွဲ့က လူတွေက စခန်းကို သွားလိုက်၊လာလိုက်ရှိတယ်။ မနေ့ကလိုက်ဖမ်းတော့ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ အဲဒီပစ်ခတ်မှုထဲမှာ ကလေးနှစ်ယောက်မှာ ကျည်ထိမှန်ပြီးတော့ ဒဏ်ရာရရှိသွားတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါပစ်ခတ်မှုကြောင့် မောင်အပ္ပဒုလ်အာဇိဇ် (အသက် ၈ နှစ်)မှာ ညာဖက်ခြေထောက်၊ မအုမ္မာလ်ဟာဖ့်ဆာ(အသက် ၁၁ နှစ်)မှာ ဘယ်ဘက်ဝမ်းဗိုက်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကော့ဘဇားခရိုင်ရှိ ဆောဒေါရ်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ကူတူပါလောင်ဒုက္ခသည်စခန်းကို  ARSA အဖွဲ့များ ဝင်ထွက်သွားလာမှုရှိပြီး ဒုက္ခသည်များကို ဖမ်းဆီးမှုများ၊ သတ်ဖြတ်မှုများရှိသည့်အတွက် ကြောက်လန့်နေကြရကြောင်း အမည်မဖော်လိုသည့် နောက်ထပ်ဒုက္ခသည်တစ်ဦးက ပြောသည်။

“သူတို့တွေက ကျနော်တို့စခန်းတွေကို ဝင်ထွက်သွားလာမှုတွေရှိတယ်။ နောက်ပြီးတော့ ဒုက္ခသည်တွေကို မီဒီယာတွေနဲ့ဆက်သွယ်တယ် ဆိုပြီးတော့ သတ်ဖြတ်တာတွေ၊ ဖမ်းဆီးတာတွေရှိတယ်။ သူတို့မှာလက်နက်တွေပါတော့ ဒုက္ခသည်တွေက ဘာမှလုပ်လို့မရဘူး။ ဒီလိုဖြစ်စဉ်တွေက မကြာခဏဆိုသလို ဖြစ်နေတာ။ ဒုက္ခသည်တွေအနေနဲ့ စိုးရိမ်တာပေါ့”ဟု ၎င်းကဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း အမှတ်(၁၂) ကူတူပါလောင်ဒုက္ခသည်စခန်းတွင်  စခန်းခေါင်းဆောင် အသက် ၃၇ နှစ်အရွယ် ဦးအဒူရော်ဟိမ်မှာ ARSA အဖွဲ့၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပုံစာ - ဒဏ်ရာရရှိသွားသည့် ကလေးနှစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...