စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် တသက်တကျွန်း အပါအဝင် ထောင်ဒဏ်ချမှတ်ခံထားရသည့် ဗကသ ကျောင်းသား ၃၀ ခန့်ရှိ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် တသက်တကျွန်း အပါအဝင် ထောင်ဒဏ်ချမှတ်ခံထားရသည့် ဗကသ ကျောင်းသား ၃၀ ခန့်ရှိ

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းမှု ၂ နှစ်တာ ကာလအတွင်း အာဏာသိမ်းမှုကို ဆန့်ကျင့်ခဲ့မှုကြောင့် ဗကသ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးခန့်ကို စစ်ကောင်စီက တသက်တကျွန်းအပါဝင် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ထံမှ သိရသည်။

အာဏသိမ်းပြီး ၂ နှစ်ကျော်ကာလ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ ဖမ်းဆီးခံရသူ ဗကသ ကျောင်းသား၊ ကျောင်းသူ ၅၀ ခန့်ရှိခဲ့ပြီး ယင်းအထဲက တချို့မှာ ရက်စေ့လွတ်မြောက်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့်များဖြင့် လွတ်မြောက်လာခြင်းများရှိခဲ့သည်။

သို့သော်လည်း လက်ရှိတွင် ထောင်ဒဏ်ချမှတ်ခံထားရသည့် ဗကသကျောင်းသား  ၃၀ ခန့်အထိရှိနေကြောင်း ဗကသများအဖွဲချုပ် ဗဟိုအမှုဆောင် တာဝန်ရှိသူတစ်ဦးက DMG သို့ ပြောသည်။

“၂၀၂၁ ဖေဖော်ဝါရီလကနေ ဒီကနေ့အထိဆိုရင် ဖမ်းဆီးခံခဲ့ရတဲ့ ဗကသရဲဘော် အယောက် ၅၀ ဝန်းကျင်ထိရှိပါတယ်။ ဖမ်းဆီးခံရတဲ့အထဲမှာ တချို့သောရဲဘော်တွေက လွတ်ရက်စေ့တွေ လွတ်ငြိမ်းတွေနဲ့ ပြန်လွတ်လာကြပါတယ်။ လက်ရှိမှာတော့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဗကသရဲဘော် ၃၀ လောက်ရှိပါတယ်”ဟု ၎င်းကဆိုသည်။

ယင်းအထဲမှ ၅၀၅ (က)၊ ၅၀ (ည) ပုဒ်မတို့ဖြင့် တရားစွဲဆိုခံထားရသည့် ကိုဟိန်းထက် (ခ) ကိုပိုပိုမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က ထောင်ဒဏ်တသက်တကျွန်း အမိန့်ချခံလိုက်ရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်သည်။

ကိုဟိန်းထက်မှာ အထက ၁ မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဒုတိယဥက္ကဌ၊ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ အဖွဲ့ဝင်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က မရမ်ကုန်းမြို့နယ်တွင် ပြည်သူလူထုကြား မြေပြင်စည်းရုံးရေး လုပ်ဆောင်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

“လက်ရှိအချိန်ထိတော့ ဗကသ ရဲဘော်တွေထဲမှာ အနည်းဆုံး ထောင်ဒဏ် ၂ နှစ်ကနေ အများဆုံး တသက်တကျွန်းအထိ မတရားအမိန်ချခံထားရပါတယ်။ အဲဒီထဲမှာ တသက်တကျွန်း အမိန့်ချခံထားရတဲ့သူ တစ်ဦးပါတယ်။ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်ရင်း ကျဆုံးသွားတဲ့ ဗကသရဲဘော် ၁၁ ဦးအထိရှိပါတယ်”ဟု အဆိုပါ ဗဟိုအမှုဆောင်က ဆက်ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ၊ ကျေးရွာနှင့်မြို့များတွင် အဆောက်အဦးများကို မီးရှို့ဖျက်ဆီးခြင်းများမှာ ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ပြောဆိုထားသည်။

ကျောင်းသားများမှာ ပြည်သူလူထုနှင့်အတူ အာဏာရှင်ဆန့်ကျင်ရေးတွင် မှန်ကန်သည့်ဘက်က ရပ်တည်ခဲ့သူများဖြစ်သဖြင့် ကျောင်းသားများအား စစ်ကောင်စီက ဖမ်းဆီးထောင်ချမှုများကို ရှုတ်ချကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်က ပြောသည်။

“ကျနော်တို့ ရခိုင်ပြည်မှာလည်း ကျောင်းသားတွေ ဖမ်းဆီးခံရတာရှိတယ်။ ပြည်မဘက်တွေဆိုရင် ကျောင်းသားတွေမတရား ဖမ်းဆီးခံရတာရှိတယ်။ ကျနော်တို့ ကျောင်းသားသမဂ္ဂတွေဟာ ပြည်သူလူထုနဲ့အတူ မှန်ကန်တဲ့ဖက်က ရပ်တည်တယ်။ စစ်ကောင်စီက မတရားဖမ်းဆီးတယ်၊ ပုဒ်မတွေ အမျိုးမျိုးတပ်ပြီးတော့ ဆိုးဆိုးဝါးဝါး နှိပ်စက်တာတွေ ရှိတယ်။ ဒါတွေကို ကျနော်တို့ ကျောင်းသားသမဂ္ဂအနေနဲ့  ရှုတ်ချတယ်”ဟု ၎င်းကဆိုသည်။

ပုံစာ - ထောင်ဒဏ် တသက်တကျွန်း အမိန့်ချခံထားရသည့် ကိုဟိန်းထက် (ခ) ကိုပိုပို။ ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်

July 21, 2026
The Myanmar military launched a coordinated aerial bombardment on mountain ranges in northern...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...
July 17, 2026
စစ်တပ်နှင့် ရုရှားစစ်တပ်တို့သည် ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ...
July 16, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းအထက်ပိုင်းဒေသရှိ တောင်ပေါက်ကျေးရွာတွင် ပြီးခဲ့သည့်...