ကော့ကရိတ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့

ကော့ကရိတ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်း ကျေးရွာများတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်၊ ည ၁၂ နာရီခွဲဝန်းကျင်၌ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ကြောင်း ကော့ကရိတ်မြို့နယ်တောင်ပိုင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့နယ်တောင်ပိုင်း  ကျေးရွာသားတစ်ဦးက“ညက ၁၂နာရီခွဲဝန်းကျင် လောက်မှာ လေယာဉ်လာကြဲသွားတယ်။ ပစ်တာက ၉ လုံး၊ ၁၀ လုံးလောက်ရှိတယ်။ ကျတဲ့အရာက ၉ နေရာပဲတွေ့တယ်။ ရွာပြင်မှာကျတော့ ဒေသခံရွာသားတွေတော့ ထိခိုက်မှုမရှိဘူ”ဟု ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့နယ်တောင်ပိုင်းဘက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က ဒေသခံပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးအပြင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေယာဉ်များပါ မဆင်မခြင်ရမ်းသမ်းပစ်ခတ်မှုများ မကြာခဏ လုပ်ဆောင်လေ့ရှိသောကြောင့် ပြည်သူများ အနေဖြင့် လုံခြုံရေးအထူးဂရု စိုက်သင့်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကလည်း ယခုလို သတိပေးပြောဆိုသည်။

“ဘုမသိဘမသိ စစ်ကောင်စီက လာပြီးလေယာဉ်နဲ့ပစ်တယ်။ လက်နက်ကြီးနဲ့အမြဲ လိုလို ပစ်တော့ပြည်သူ‌တွေသတိနဲ့အားလုံးနေရမယ်။ ကျ‌နော်တို့လည်းသတိနဲ့အမြဲ‌ နေရတယ်။ သူတို့(စစ်ကောင်စီ)က သိလို့လုပ်တာမဟုတ်ဘဲ ရမ်းပစ်တာသက်သက်ဆိုတော့ ကျတဲ့နေရာ တစ်ခုခုရှိရင်တော့ထိမှာပဲ”ဟု ၎င်းက ပြောသည်။

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်အတွင်းရှိ ကော့ကရိတ်၊ ဝင်းရေး၊ နို့တကော်အစရှိသည့် မြို့နယ် ၃ မြို့နယ်တွင် စစ်ကောင်စီက Martial Law (စစ်အုပ်ချုပ်ရေးနယ်မြေ) အဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ထို့အပြင် စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတင်းထုတ်ပြန်ပြီး ၅ ရက်နေ့မြောက် ယမန်နေ့ ည ၁၂နာရီခွဲဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်က ကော့ကရိတ် တောင်ပိုင်း‌ကျေးရွာသို့ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်မှုလုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...