သံတောင်ကြီး၌ ဖာလာဈေး ထိုးကျပြီး တောင်သူများ အခက်တွေ့

သံတောင်ကြီး၌ ဖာလာဈေး ထိုးကျပြီး တောင်သူများ အခက်တွေ့
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ

ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း ဝယ်ယူသူ ရှားပါးနေခြင်းနှင့် ယခင်နှစ်ထက် ဖာလာဈေးနှုန်းများ ထိုးကျသွားခြင်းကြောင့် အရင်းပင် ပြန်မရဘဲ စားဝတ်နေ ရေး အခက်အခဲ တွေ့နေရကြောင်း ဖာလာစိုက် တောင်သူများက ပြောသည်။

နှစ်စဉ် ဩဂုတ်လမှ အောက်တိုဘာလအတွင်းသည် ဖာလာဆွတ်ခူး ရောင်းချသည့် ရာသီဖြစ်ပြီး သံတောင်ကြီး ဒေသထွက် ဖာလာများကို တောင်ငူမြို့ရှိ ပွဲရုံများသို့ တင်ပို့ကာ အဓိက ဝယ်လက်ဖြစ်သော တရုတ်နိုင်ငံဘက်သို့ တစ်ဆင့် တင်ပို့ရောင်းချကြခြင်းဖြစ်သည်။

သို့သော် ယခုနှစ်တွင် ဝယ်ယူသူ မရှိသလောက် ရှားပါးလာသည့်အပြင် ယခင်နှစ်က ဖာလာတစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ ရရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ၁၂,၀၀၀ အထိ ဈေးနှုန်း ထိုးကျသွားကြောင်း ဒေသခံများက ဆို သည်။

သံတောင်ဒေသခံ အမျိုးသမီးတစ်ဦးက “အရင် ဖာလာစျေးကောင်းတုန်းက ဝယ်လက်များတယ်။ အခုနှစ်ပိုင်းက တော့ ဝယ်လက်မရှိတော့ဘူး ပြောရ မယ်။ တရုတ်ဘက်ကို ပို့ပေးတဲ့ ဝယ်လက်တွေက မနှစ်က အကုန်မပို့ဘဲ ကျန်နေတော့ ဒီနှစ်ထပ်မဝယ်ပေးတော့ ဘူးလေ” ဟု ပြောသည်။

ထိုအခြေအနေတွင် ဖာလာစိုက် တောင်သူများအတွက် စိုက်ပျိုးစရိတ် အရင်းအနှီးပင် ပြန်မရတော့သလို ဒေသ အတွင်း အထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့်ပါ စားဝတ်နေရေး ပိုမိုကျပ်တည်းလာနေခြင်း ဖြစ်သည်။

သံတောင်ကြီးမှ ဖာလာစိုက် တောင်သူအမျိုးသားတစ်ဦးက “ဖာလာဈေးက ကျ၊ မနှစ်ကဟာတွေတောင် အခုထိ မပို့နိုင်၊ မရောင်းနိုင်သေးဘူး။ ကုန်စျေးနှုန်းတွေကလည်း တစ်ရက်ထက်တစ်ရက် ပိုတက်လာပြီ။ အရင်က ဖာလာ ၁ ပိဿာ ဝက်သား ၃ ပိဿာဆိုရင် အခုက ဖာလာ ၅ ပိဿာ ဝက်သား ၁ ပိဿာဖြစ်နေပြီ” ဟု ပြော သည်။

ထို့ပြင် ဒေသအတွင်း နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကြောင့် လူငယ်အများစု နေရပ်စွန့်ခွာသွားကြသဖြင့် မိရိုးဖလာ စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်သားအင်အား ရှားပါးသည့် စိန်ခေါ်မှုပါ ကြုံတွေ့နေရသည်။

တောအူးခရိုင်ရှိ ဒေသခံများသည် တောင်ယာနှင့် ဥယျာဉ်ခြံ လုပ်ငန်းများကို အဓိက အသက်မွေးဝမ်းကျောင်း အဖြစ် အားထား လုပ်ကိုင်ကြသည်။

လက်ရှိတွင် ဖာလာအပါအဝင် အခြား ခြံထွက်သီးနှံများပါ ဈေးကောင်းမရတော့သဖြင့် ထိုဝင်ငွေတစ်ခုတည်း ကိုသာ မှီခိုနေရသည့် ဒေသခံ မိသားစုများမှာ စားဝတ်နေရေး အခက်အခဲ ရင်ဆိုင်နေကြရသည်။

Most read this week

ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...
September 17, 2026
စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ထားသည့် ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် လူသူ...
ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ - KNPC ၏ အစည်းအဝေး မြင်ကွင်း။)
September 16, 2026
ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (...
မြဝတီမြို့နယ်အတွင်း မြင်တွေ့ရသည့် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းအချို့။ / Credit: Naphat Kongchan
September 16, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းအထက်ဘက်ရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်...