ရှမ်း ဒုုက္ခသည်များ ရိက္ခာမဖြတ်တောက်သေးရန် CSSU တောင်းဆို

ရှမ်း ဒုုက္ခသည်များ ရိက္ခာမဖြတ်တောက်သေးရန် CSSU တောင်းဆို
by -
သတင်းနှင့် မီဒီယာကွန်ရက်
စက်တင်ဘာလ ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။ နိုင်ငံတကာ ထောက်ပံ့ကူညီရေး အဖွဲ့များအနေဖြင့် ထိုင်း-မြန်မာ နယ်စပ်ရှိ ရှမ်းဒုက္ခသည်များနှင့် ပြည်တွင်းရွေ့ပြောင်းနေထိုင်သူ (IDPs) ၆၀၀၀ ကျော်အား စားနပ်ရိက္ခာ ဖြတ်တောက်မည့် အစီအစဉ်အား ပြန်လည်သုံးသပ်ပေးပါ ရန်ရှမ်းပြည်ညီညွှတ်ရေးကော်မတီ (CSSU) မှ တောင်းဆိုသည်။ “တည်ငြိမ်အေးချမ်းမှု မရှိပဲနဲ့ တိုက်ပွဲတွေအပြီးသတ်မရပ်ဆိုင်းသွားသေးပဲနဲ့ အကူအညီတွေကို ဖြတ်ထောက်ပစ်လိုက်မယ် ဆိုလို့ရှိရင် ဒါကျနော်တို့ နိုင်ငံရဲ့ အနာဂတ်အတွက် လူသားအရင်းအမြစ်အတွက် အင်မတန်ကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေမျိုးမှာ ရောက်ရှိနေပါတယ်။ ဒါကြောင့်မို့လို့ အဲဒီ သူတို့ဆုံးဖြတ်ထားတဲ့အောက်တိုဘာလကျရင် စတင်ဖြတ်တောက်မယ်ဆိုတဲ့ ဟာကို ပြန်လည်ပြီးတော့မှ အလေးအနက်ထား ပြန်လည် သုံးသပ်သင့်တယ်လို့ ကျနော်ပြောကြားလိုပါတယ် ခင်ဗျား” ဟု ရှမ်းပြည်ညီညွှတ်ရေး ကော်မတီ (CSSU) အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းလိတ်မှ ပြောသည်။ ထိုင်းနိုင်ငံအတွင်းတွင် ရှမ်းဒုက္ခသည် စခန်းတစ်ခုနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ပြည်တွင်း ရွေ့ပြောင်းနေထိုင်သူ (IDPs)စခန်း ၅ ခုရှိပြီး ၎င်းစခန်းများမှ လူဦးရေ ၆၀၀၀ ကျော်အတွက် ဆန်၊ ဆီ၊ ဆား ကူညီ ထောက်ပံ့မှုများပေးနေသည့် နိုင်ငံတကာကူညီထောက်ပ့ံရေးအဖွဲ့ ( TBC ) မှ အောက်တိုဘာလမှ စတင်ကာ ရိက္ခာဖြတ်တောက်တော့မည်ဟု ဒုက္ခသည်များက ပြောသည်။ ထိုင်း-မြန်မာ နယ်စပ်ရှိ ရှမ်းဒုက္ခသည်စခန်းနှင့် ပြည်တွင်း ရွေ့ပြောင်းနေထိုင်သူ (IDPs) စခန်းများတွင် ရှမ်း၊ လားဟူ၊အာခါ၊ ၀၊ တအာင်း၊ ပအိုဝ်၊ လီဆူ၊ ကရင်နှင့် တရုတ် စသည့် တိုင်းရင်းသားများ ရောနှော နေထိုင်ကြ ပြီး ၎င်းဒုက္ခသည်စ ခန်းများမှာ ကောင်း မုံမိန်း၊ လွိုင်တိုင်းလျန်း၊ လွိုင်လမ်၊ လွိုင်ဆမ်ဆစ်၊ လွိုင်ကော်ဝမ်းနှင့် ကုန်းကျော် ဒုက္ခသည်စခန်းတို့ ဖြစ်သည်။ စစ်မှန်သည့် ငြိမ်းချမ်းရေး မရသေးသည့်အပြင် ၎င်းတို့ နေထိုင်သည့် ရွာများ ပျက်ဆီးသွားခြင်း လုပ်ကိုင်စားသောက်ရန်လယ်မရှိတော့ခြင်း၊ ကလေးများ၏ ပညာရေး အာမခံချက် မရှိခြင်းတို့ကြောင့် နေရပ်ပြန်ရန် မဖြစ်နိုင်သေးသည့် အနေအထားတွင် ကူညီထောက်ပံ့မှုများကို ဆက်လက်ပေးရန် လိုလားသည်ဟု ကုန်းကျော်ဒုက္ခသည်စခန်းမှ လုံးစိုင်းလင်း မှပြောသည်။ “နိုင်ငံတကာ ကူညီထောက်ပံ့ပေးရေးအဖွဲ့က ဆက်ပြီးတော့ ထောက်ပံ့ပေးကြပါ။ အခုအချိန်မှာ ဘယ်လိုမှ ပြန်လိုမဖြစ်သေးပါဘူး။ ရှမ်းပြည်ထဲမှာလည်း တိုက်ပွဲတွေက လုံးဝမပြီးသေးပါဘူး။ အဲတော့ အဲလိုဖြတ်တောက် လိုက် မယ်ဆိုလိုရှိရင်တော့ ဦးတို့က တော်တော်လေးကို ဘေးအန္တရာယ်ဖြစ်မယ် တော်တော်လေးကို အခက်အခဲတွေကြံုရမှာ အဲဒါကြောင့်မို့လို့ အကူအညီ လက်ရှိအချိန်မှာ မရပ်ပါနဲ့အုံး ဆက်ပြီးတော့ ထောက်ပံ့ပါအုံး အဲလိုမျိုးတောင်း ဆိုချင်ပါတယ်။” လက်ရှိ အစိုးရ၏ ပေါ်လစီကြောင့်လည်း ထိုင်း-မြန်မာနယ်စပ် နိုင်ငံဖြတ်ကျော် နယ်နိမိတ်ပေါ်ရှိ ဒုက္ခသည် များကိုကူညီထောက်ပံ့သည်ထက် ပြည်တွင်းရှိ အိုင်ဒီပီများအား ပိုမိုကူညီထောက်ပံ့ရန် ဖြစ်လာသည့်အတွက် နယ်စပ်ရှိ ဒုက္ခသည် စခန်းများအား နိုင်ငံတကာ ထောက်ပံ့ကူညီရေးအဖွဲ့က ကူညီထောက်ပံ့မှုကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်ဟု သိရကြောင်း စိုင်းလိတ်မှ ပြောသည်။ ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ ထောက်ခံချက်အရ ၎င်းဒုက္ခသည်များနှင့် ပြည်တွင်း ရွေ့ပြောင်းနေထိုင်သူများသည် ဒုက္ခသည်စာရင်းထဲတွင် မပါ၀င်သည့်အတွက် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ ကူညီထောက်ပံ့မှုနဲ့သာ ရပ်တည်နေရခြင်းဖြစ်သည်။ ဒုက္ခသည်များနှင့် ပြည်တွင်းရွေ့ပြောင်းနေထိုင်သူ (IDPs)များအား ရိက္ခာ ဖြတ်ထောက်မည်ဟု ကြိုတင် အသိပေးထားခြင်းမရှိပဲ နဂို ကူညီထောက်ပံ့မှုများအား ချက်ချင်း ဖြတ်တောက်လိုက်မည် ဆိုပါက ကလေးသူငယ်များနှင့် သက်ကြီးရွယ်အို များအတွက် ပိုမိုဒုက္ခရောက်နိုင်သည့်အတွက် ရိက္ခာဖြတ်တောက်မှုများကို တစ်ဖြည်းဖြည်းချင်း လုပ်ဆောင်သွားရန် (CSSU) မှ တိုက်တွန်းသည်။ “အဲဒီခါကျတော့ သူတို့ကို ကြိုတင်အသိပေးထားတာ မရှိပဲနဲ့ ရက်ပိုင်းအတွင်းမှာ သူတို့ နဂိုရနေတဲ့ အထောက်အပံ့တွေကို ချက်ချင်း ဖြတ်တောက်ပစ်လိုက် မယ်ဆိုလို့ရှိရင် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အကြီးအကျယ် ဒုက္ခရောက်သွားနိုင်တယ်။ ဒါကြောင့်မို့လို့ သူတို့ ဒီလိုမျိုး လောလောလတ်လတ် အထောက်အပံ့ကို ထောက်ပံ့မယ့်အစား လေးငါးခြောက်လ တန်လျှင် တစ်နှစ်တန်လျှင် ကြိုတင်အသိပေးပြီးတော့မှ နောက်မှ တဖြည်းဖြည်း အဲလိုလျှော့ချသွားရင် ဒါလူသားချင်းစာ နာထောက်ထားမှုအရ ပိုပြီးတော့မှ အဓိပ္ပာယ်ရှိမယ် သူတို့အတွက်လည်းပဲ ဒုက္ခတွေ ဒီထက်မ ကညင်ညင်သာသာဖြတ်သန်းနိုင်မယ်လို့ယူဆလို့ ဒီလို တိုက်တွန်း ရခြင်းဖြစ်ပါတယ်” ဟု စိုင်းလိတ်မှ ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက်နေ့ကလည်း နိုင်ငံတကာထောက်ပံ့ကူညီရေး အဖွဲ့များမှ ထိုင်း-မြန်မာနယ်စပ်ရှိရှမ်းဒုက္ခသည်များနှင့် ပြည်တွင်းရွေ့ပြောင်းနေထိုင်သူ (IDPs) များ၏ ရိက္ခာဖြတ်ထောက်မှုအပေါ် ရှမ်းပြည်ဒုက္ခသည်များ ကော်မတီနှင့် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်မှဒုက္ခသည်များအား ဆက်လက် ကူညီထောက်ပံ့ပေးပါရန်သဘောထား ထုတ်ပြန်ထားသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းဒုက္ခသည်စခန်းနှင့် ပြည်တွင်းရွေ့ပြောင်းနေထိုင်သူ ( IDPs) စခန်းများသည် ၁၉၉၉ ခုနှစ်တွင် စတင်ဖြစ် ပေလာခဲ့ပြီး ၎င်းစခန်းများရှိ ဒုက္ခသည်များမှာ ၁၉၉၆၊ ၁၉၉၈ ခုနှစ်က ရှမ်းပြည်နယ် အတွင်းတွင် စစ်အစိုးရမှ ဒေသခံများအား အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူများ ဖြစ်သည်။
February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...