မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင် ကန်ကျေးရွာကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၂၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ကြအိုကျေးရွာဘက်မှ ဖောကားတစ်စီး၊ စစ်ကားတစ်စီးနှင့် တင့်ကားတစ်စီးတို့ဖြင့် အင်အား ၁၀၀ ကျော်ပါ စစ်တပ် စစ်ကြောင်း ကျောက်ပြင်ကန်ကျေးရွာသို့ စက်တင်ဘာလ ၁၄ ရက် နံနက် ၈ နာရီခန့်တွင် ဝင်ရောက်လာ သဖြင့် ရွာခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ထို့နောက် အင်အား ၂၀၀ ခန့်အထိ တိုးမြှင့်ရောက်ရှိလာသည့် အဆိုပါ စစ်ကြောင်းသည် မောင်းပြန်သေနတ်များ ဖြင့် အကြောင်းမဲ့ အလုအယက် ပစ်ခတ်ကာ နေအိမ်များကို မီးစတင်ရှို့ခဲ့ခြင်း ဖြစ်သည်။
မြောင်ရွာမှ အသက် ၅၀ ခန့်ရှိ အမျိုးသားတစ်ဦးက “ဘာအကြောင်းမှမရှိပဲနဲ့ ရှို့ချင်လို့ကို ရှို့တာလို့ပြောရမှာပဲ။ မီးတောက်တွေ မီးလုံးတွေ တွေ့နေရတယ်။ သေနတ်သံတွေလည်း ကြားနေရတော့ တိုက်ပွဲဖြစ်နေတယ်လို့ ထင် တာ မဟုတ်ဘူး။ သူတို့ဟာသူတို့ ပစ်နေကြတာ” ဟု ပြောသည်။
ကျောက်ပြင်ကန်ကျေးရွာမှ စစ်ဘေးရှောင် ပြည်သူများသည် ယာတောကြီး၊ ပျဉ်းချောင်း၊ သဖျင်းကန်၊ မကျီး တန်း၊ ကျောက်ကန်၊ ကန်နီပေါက်၊ ရွာလေးနှင့် ပျော်ဘွယ် ကျေးရွာများသို့ ပတ်ချာလှည့် စစ်ဘေးရှောင်ခဲ့ကြရပြီး ညနေ ၃ နာရီကျော်တွင် ရွာဘက်မှ မီးခိုးလုံးများနှင့်အတူ သေနတ်သံများကို အဆက်မပြတ် ကြားခဲ့ရကြောင်း ဆိုသည်။
အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးကလည်း “တနေကုန်ကို သူတို့မင်း သူတို့ချင်း စိတ်တိုင်းကျ လုပ်ချင် တိုင်းကို လုပ်သွားကြတာ။ စောင်တွေ မွေ့ယာတွေ ခေါင်းအုံးတွေနဲ့ မီးမွှေးပြီး အိမ်ကို မီးရှို့သွားကြတာ တော် တော် လူစိတ်မရှိတဲ့ဟာတွေ” ဟု ပြောသည်။
စက်တင်ဘာလ ၁၅ ရက်နေ့၊ နံနက်ပိုင်း ၁၁ နာရီ အချိန်ခန့်တွင် စစ်အုပ်စုတပ် စစ်ကြောင်း ပြန်လည် ထွက်ခွာ သွားသဖြင့် ရွာသားအချို့ ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း မီးလောင်နံ့ အနံ့ဆိုးများကြောင့် ရွာပြင် သို့ ပြန်ထွက်ခဲ့ကြရသည်။
ထို့နောက် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျေးရွာအတွင်းသို့ သေချာစွာ ပြန်လည်ဝင်ရောက် စစ်ဆေးနိုင်ခဲ့ပြီး နေအိမ် ၂၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
အိမ်ခြေ ၄၀၀ ခန့်ရှိသည့် ကျောက်ပြင်ကန်ကျေးရွာသည် စစ်အုပ်စုတပ်၏ မီးရှို့ဖျက်ဆီးမှုကို ၃ ကြိမ်မြောက် ခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ရွာတစ်ရွာလုံး၌ နေအိမ် ၁၀၀ ခန့်ပင် ကျန်ရှိတော့မည် မဟုတ်ကြောင်း ရွာသား များက ပြောသည်။







