မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာပေါ်သို့ စစ်ကောင်စီတပ်ဖွဲ့က ညအချိန် လေကြောင်းမှဗုံးကြဲ

မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာပေါ်သို့ စစ်ကောင်စီတပ်ဖွဲ့က ညအချိန် လေကြောင်းမှဗုံးကြဲ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ စွန်တောင်ကျေးရွာအနီးရှိ ကျေးရွာတစ်ရွာပေါ်သို့ ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၁၁ နာရီ ၅၅ မိနစ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့က တိုက် လေယာဉ်ဖြင့် ဗုံးကြဲချသည့်အတွက် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသည်သွားသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဗုံးနှစ်လုံးကြဲခဲ့ရာ နေအိမ်ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး ဗုံးဆံထိမှန်ပြီး ဒဏ်ရာများ ရရှိသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ညကစွန်တောင်အနီးမှာရှိတဲ့ ရွာတစ်ရွာကို CDF တွေရှိတယ်ဆိုပြီး ဗုံးနှစ်လုံးလာကြဲတာ၊ အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ထိခိုက်သွားတယ်။ အမျိုးသမီးကတော့ ဒဏ်ရာတော်တော်ပြင်း တယ်ပြောရမယ်။ တင်ပါးတစ်ခြမ်း ပါသွားတယ်တဲ့”ဟု မဇ္ဈိမ၏သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့ပြင် ယနေ့ ဇန်နဝါရီလ ၂၂ ရက် နံနက် ၁၁ နာရီ ဝန်းကျင်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က မင်းတပ်မြို့ပေါ်တွင် တပ်ဆင်ထားသည့် ဟောင်ဝစ်ဇာ ‌(Howitzer) လက်နက်ကြီးများဖြင့် ငါးချက်ဆက် တိုက် ဝမ္မသူးကျေးရွာကို ပစ်ခတ်ခဲ့သည်။

ယင်းပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိပြီး နေအိမ်ပျက်စီးမှုများကို မသိရသေးဟုလည်း ဆိုသည်။

“ဒီနေ့မနက်ကျတော့ မင်းတပ်မြို့ပေါ်တပ်ရင်း (၂၇၄)ကနေ ဝမ္မသူးကျေးရွာကိုလှမ်း ပစ်ကြတယ်။ ဘာ လို့လည်းဆိုတော့ အနီးအနားကသူတွေ ကျန်းမာရေးနဲ့ပတ်သက်ရင် ဝမ္မသူးဆေးရုံပဲသွားကြတော့ ညက ဒဏ်ရာရတဲ့သူတွေလည်း ဒီဆေးရုံသွားမှာဆိုပြီး ရွာဘက်ကိုပစ်ကြတယ်” ဟု သတင်းရင်းမြစ်က ပြော ကြားသည်။

ညအချိန် လေယာဉ်ဖြင့် လာရောက်ဗုံးကြဲသည့်အတွက် စွန်တောင်ကျေးရွာအပါအဝင် အနီးအနားရှိ ကျေး ရွာများမှ ပြည်သူများ‌အနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း သိရသည်။

မင်းတပ်မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းဖြင့် ပြီးခဲ့သည့်နှစ်အတွင်းက ချပ်ရွာထဲတွင် တစ်ကြိမ်၊ ယခုနှစ် ဇန်နဝါရီလ ၈ ရက် နေ့က မိုင် (၃၀)နှင့်(၄၀)ကြားတွင် တစ်ကြိမ် ဗုံးကြဲချခဲ့သည့်ဖြစ် စဉ်များရှိခဲ့သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...