KIO ခေါင်းဆောင် တစ်ဦး သေဆုံးမှုကို လုပ်ကြံခံရတာလို့ သတင်းမှား ဖြန့်

KIO ခေါင်းဆောင် တစ်ဦး သေဆုံးမှုကို လုပ်ကြံခံရတာလို့ သတင်းမှား ဖြန့်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ် လဖိုင်လ သေဆုံးတာဟာ အချင်းချင်းလုပ်ကြံခံ ရမှုကြောင့် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ခုကို Manaw Myay ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က ဇန်နဝါရီလ ၁၀ ရက်နေ့မှာ တင်ထားပါတယ်။

ဗိုလ်မှူးချုပ် လဖိုင်လရဲ့  ဓာတ်ပုံနဲ့ KIO ထိပ်ပိုင်းခေါင်ဆောင်တွေရဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး “KIO တရားရေး ဌာနအကြီးအကဲ Petru Lahpai Laja သည် kio၊ kia အဖွဲ့အတွင်း ခေါင်းဆောင်ပိုင်းအချင်း ချင်း လုပ်ကြံခံရမှု ကြောင့် ရုတ်တရက် ကွယ်လွန်သွားကြောင်းသိရ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားပါတယ်။

Manaw Myay ဆိုသူက “၈ ရက်နေ့က ဆုံးသွားတာ ဟုတ်တယ်၊ပြီးခဲ့တဲ့ အစည်း အဝေးမှာ သဘောထား ကွဲလွဲမှု တွေဖြစ်တယ် ကြားတယ်၊ အချင်းချင်း လုပ်ကြံခံရတာလည်း ဖြစ်နိုင်တယ်၊ သေချာတော့ မ‌ပြောတတ်ဘူး ဟုတ် တယ်” ဆိုပြီး KIA နဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောစကားကို သတင်းအရင်းအမြစ်အဖြစ် ထည့်သွင်းပြီး ရေးသား ထားပါ တယ်။

အဆိုပါရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်မှူးချုပ် လဖိုင်လ ဟာ အချင်းချင်း လုပ်ကြံသတ်ဖြတ်ခံရလို့ သေဆုံးခဲ့တာ မဟုတ်ပဲ နာမကျန်းဖြစ်ပြီး သေဆုံးသွားတာကို အချင်းချင်း လုပ်ကြံလို့ သေဆုံးရတာပါဆိုပြီး ရေးသားထားလို့ပဲဖြစ်ပါတယ်။

ဗိုလ်မှူးချုပ် လဖိုင်လ နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားတယ်ဆိုတဲ့ အကြောင်းကို ကချင်သတင်းဌာန Kachinwaves က ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3XJLNs9 ဝင်ကြည့်လို့ရပါတယ်။

ဒါ့အပြင် ဗိုလ်မှူးချုပ် လဖိုင်လ သေဆုံးတာနဲ့ ပတ်သက်ပြီး သတင်းအမှား နောက်တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ စစ်တပ်က တနိုင်းမြို့နယ်ထဲက KIA တပ်မဟာ ၂ ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ ဗိုလ်မှူးချုပ် လဖိုင်လ သေဆုံး သွားတာ  ဆိုပြီးတော့လည်း ရေးသားနေကြပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံးသွားတယ်ဆိုတဲ့ သတင်းကို ကချင်သတင်းဌာန KNG က သတင်း အမှားဖြစ်ကြောင်း စိစစ်ထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3D2OVYp တွေ့နိုင်ပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်စစ်လိုက်တဲ့အခါမှာ Manaw Myay ဆိုသူရဲ့ ရေးသားမှုဟာ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို အခြေမခံပဲ ကချင်တိုင်းရင်းသားတွေနဲ့ စာဖတ်သူတွေကို လှည့်စားလိုတဲ့ ရည် ရွယ်ချက်နဲ့ တမင်လုပ်ကြံဖန်တီး ရေးသားထားတဲ့ သတင်း အမှားတစ်ခုသာ ဖြစ်ပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက် ရှိရှိ ရေးတင်နေကြ ပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

Most read this week

December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
November 27, 2025
၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲမှာမဲအများဆုံးအနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD နှင့်...
November 12, 2025
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ စစ်ကိုင်းသို့ ပေးပို့သော လက်နက်များစွာ...