စစ်ကောင်စီ၏ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေသစ်ကြောင့် ကရင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ အခက်ကြုံ

စစ်ကောင်စီ၏ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေသစ်ကြောင့် ကရင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ အခက်ကြုံ

ကရင်ပြည်နယ်အတွင်း အသင်းအဖွဲ့များ ပြန်လည်မှတ်ပုံတင်ရန် စစ်ကောင်စီ၏ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေသစ်ကြောင့် အခက်ကြုံတွေ့နေကြရသည်ဟု ကရင်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့များနှင့်နီးစပ်သူများထံမှ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ယခု ဇန်နဝါရီလအတွင်း နောက်ဆုံးထားပြီး မည်သည့် အရပ်ဘက် အသင်းအဖွဲ့များမဆို စစ်ကောင်စီမှ ပြန်လည်အသစ်ရေးဆွဲထားသည့် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေနှင့်အညီ ပြန်လည်မှတ်ပုံတင်ရမည်ဟု အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

ထိုအသင်းအဖွဲ့များက အချိန်မှီ ပြန်လည်မှတ်ပုံတင်ခြင်း ပျက်ကွက်ပါက အဆိုပါအသင်းအဖွဲ့များသည် ဖျက်သိမ်းခြင်းနှင့် ဆက်လက်လှုပ်ရှားပါက အရေးယူခံရနိုင်သည့်အပေါ် မိမိတို့ အသင်းအဖွဲ့ ဆက်လက်ထားရှိရန် မထားရှိရန်ကို ဆွေးနွေးနေဆဲဟု ဖားအံမြို့အရပ်ဘက်အဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက“ ကျနော်တို့အဖွဲ့ကတော့ ရိုးရိုးနာရေးအသင်းပါပဲ။ ကျနော်တို့ အလှူရှင်ကတော့ ရပ်ကွက်၊ မြို့တွေမှာပါပဲ။ အခု စစ်ကောင်စီဥပဒေသစ်နဲ့တော့ ကျနော်တို့ဘက်က နည်းနည်း စဉ်းစားရခက်တယ်။ ဥပဒေမှာပါတာက တရား မဝင်အဖွဲ့အစည်းနဲ့သူတွေနဲ့တော့ ဆက်နွှယ်လို့မရပါတော့ ကျနော်တို့ အလှူရှင်တွေက တစ်ဦးစီတိုင်း အကုန်သိထားဖို့တော့ လိုတယ်လေ။ အဲဒါတွေကြောင့် ကျနော်တို့က ပြန်လည်မှတ်ပုံတင်နိုင်ဖို့က ခက်သား”ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ ဥပဒေတွင် မည်သည့် အရပ်ဘက်အဖွဲ့အစည်းမဆို မှတ်ပုံတင်ရမည်ဖြစ်ပြီး ပျက်ကွက်ပါက ထောင်ဒဏ် (၃)နှစ် (သိုမဟုတ်)ငွေဒဏ်ကျပ် (၁၀) သိန်းပေးဆောင်ရမည်။ တရားမဝင် အကြမ်းဖက်အဖြစ် သတ်မှတ်ထားသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပါက ဒဏ်ငွေကျပ်(၅၀)သိန်းနှင့် ထောင်ဒဏ်(၅)နှစ်အထိ ချမှတ်ခံရမည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီ၏ ဥပဒေသစ်ကြောင့် လူမှုရေး၊ ဒေသဖွံ့ဖြိုးရေ၊ ကျန်းမာရေးနှင့် ပညာရေးများအတွက် အကျိုးပြုနေကြသည့် အရပ်ဘက်အဖွဲ့အစည်းများ အားနည်းလာနိုင်ဖွယ်ရှိပြီး စစ်ကောင်စီလက်ထက်တွင် ပြန်လည် မှတ်ပုံတင်မည့် အဖွဲ့အစည်းများ နည်းပါးလာနိုင်သည်ဟု ပရဟိတလုပ်ငန်းလုပ်နေသူ လှိုင်းဘွဲမြို့ခံ လူငယ်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ကျနော်တို့က ပြန်လည်မှတ်ပုံတင်ဖို့ အခြေအနေတော့ရှိတယ်၊ ဒါပေမယ့် အခုထိတော့ ပြောဖို့ မသေချာ သေးဘူး၊ ရွေးကောက်ပွဲလည်း သူတို့လုပ်တော့မယ်လို့လည်း ကြားတယ်၊ ရွေးကောက်ပွဲ ဖြစ်လာမလား မဖြစ်လာဘူးလားတော့ မသိဘူး၊ ဘယ်လိုဖြစ်ဖြစ် အချို့အရပ်ဘက်အဖွဲ့တွေကတော့ ရွေးကောက်ပွဲပြီးမှ ပြန်လည် မှတ်ပုံတင်ကြမယ့်အဖွဲ့လည်း ရှိတယ်လို့ ကြားတယ်၊ အခုအချိန်တော့ ဘာတစ်ခုမှ တိတိကျကျ မပြောနိုင်သေးဘူး”ဟု သူက ပြောသည်။

စစ်ကောင်စီ အသစ်ပြန်လည်ရေးဆွဲထားသည့် အသင်းအဖွဲ့ဥပဒေတွင် အသင်းအဖွဲ့များအနေဖြင့် နိုင်ငံရေး၊ ဘာသာရေးနှင့် ပြည်တွင်းရေးကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ၊ အစိုးရဌာနများက အချိန်မရွေး ဝင်ရောက်စစ်ဆေးခွင့်ရှိသည်ဟု ဖော်ပြထားသည်။

၎င်းဥပဒေသည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ပြန်လည်ရေးဆွဲထားပြီး ၂၀၂၂ ခုနှစ်၊ အောက်တို ဘာလ(၂၈)ရက်နေ့တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။ ယခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးထားပြီး အသင်းအဖွဲ့များ အပြီးသတ်ပြန်လည်မှတ်ပုံတင်ရမည်ဟုလည်း စစ်ကောင်စီက ညွှန်ကြားထားသည်။

ထိုဥပဒေတွင် ငွေဒဏ်၊ ထောင်ဒဏ်အသီးသီး ထည့်သွင်းထားသည့်အပြင် မှတ်ပုံတင်ကြေးကိုလည်း နှုန်းထားများ ကို ပိုမိုတိုးမြှင့်ထားသည်ဟု ဖားအံမြို့အရပ်ဘက်အဖွဲ့များက ပြောသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...