စစ်ကောင်စီတပ်က လူနေအိမ်များ ဖောက်ထွင်းဖျက်ဆီးပြီး လူသုံးကုန်နှင့် တန်ဘိုးရှိ ပစ္စည်းများယူဆောင်သွား

စစ်ကောင်စီတပ်က လူနေအိမ်များ ဖောက်ထွင်းဖျက်ဆီးပြီး လူသုံးကုန်နှင့် တန်ဘိုးရှိ ပစ္စည်းများယူဆောင်သွား

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) တောင်စွန်း (လေးနော်)ရွာတွင် အခြေချတပ်စွဲသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်များသည် စစ်ဘေးရှောင်နေကြသော ဒေသခံရွာသားများ၏ နေအိမ်များကို ဖောက်ထွင်း ဖျက်ဆီးပြီး လူသုံးကုန်နှင့် တန်ဘိုးရှိ ပစ္စည်းများ ယူဆောင်သွားမှုများလုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်နှင့် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီလ ၁ ရက်မှ ၄ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နောက်တစ်ရက်တွင် ၎င်းစစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က တောင်စွန်း၊ ဆင်ပြေးကျေးရွာထဲသို့ ဝင်ရောက်ကာ လူမရှိဘဲ စစ်ဘေးရှောင်ကြသည့် ဌာနေလူထုများ၏ နေအိမ်များအား ဖောက်ထွင်း ဖျက်ဆီးမှုပြုလုပ်ပြီး အဝတ်အထည်များနှင့် တန်ဘိုးရှိပစ္စည်းများအား ယူဆောင်သွားကြသည်ဟု ဒေသခံများက ပြောသည်။

“ ကျနော့်အိမ်တံခါးမကြီးတွေ အကုန်ရိုက်ချိုးဖျက်ဆီးသွားတယ်။ တစ်အိမ်တက် တစ်အိမ်ဆင်းလုပ်ပြီးတော့ ရှာဖွေဖျက်ဆီးယူကြတယ်။ အိမ်ဆောက်ဖို့ ပုံထားတဲ့ သစ်တွေ အကုန်ယူသွားတယ်။ မိန်းမအသုံးအဆောင် အဝတ်ထုပ်တွေ ဆိုလာပြားဘက်ထရီ မြက်ခုတ် စက်တွေအကုန် ယူသွားတယ်။ အိပ်ယာလိပ်ထူတွေကအစ ယူသွားတာပါ။ သူတို့ရှိနေတော့ ခုထိရွာသားတွေ မပြန်လာရဲသေးဘူး” ဟု ဆင်ပြေးရွာသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

တောင်စွန်းရွာတွင် ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ကျေးရွာထဲသို့ စစ်သုံးလေယာဉ်များဖြင့် လာရောက်ဗုံး ကြဲတိုက်ခိုက်သည့်အတွက် တောင်စွန်းရွာရှိ လူနေအိမ် ၁ဝ လုံးကျော် မီးလောင်ပျက်စီးခဲ့ပြီး ဥယျာဉ်ခြံအများအပြားလည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ထို့အပြင် တောင်စွန်း၊ ဆင်ပြေးရွာရှိ လူနေအိမ်များအား ဇန်နဝါရီ ၅ ရက်မှ ၁၁ ရက်နေ့အထိ ရှာဖွေ မွှေနှောက် ဖျက်ဆီးမှုများ လုပ်ဆောင်ပြီး တန်ဘိုးရှိပစ္စည်းများအား နည်းအမျိုးမျိုးဖြင့် ယူဆောင်သွားလျက်ရှိသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်အတွက် ရိက္ခာပို့ပေးနေသူများထံမှ သိရသည်။

လက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီတပ်အတွက် ရိက္ခာပို့ ပေးနေသူတစ်ဦးက “ သူတို့က ရိက္ခာမှာလို့ လာပို့ပေးတယ်။ ဟိုရောက်တော့ အထုပ်ကြီးတစ်ခုနဲ့ ဆိုင်ကယ်တစ်စီး ယူသွားပေးဖို့ ခိုင်းတော့ ယူလာပေးလိုက်တယ်။ ဖမ်းဆီးခံရတဲ့အခါမှ အထုပ်မှာ ပိုက်ဆံအိတ်တွေ၊ အမျိုးသမီးထဘီအဝတ်အစားတွေ ပါမှန်းသိရတယ်။ သူတို့စခန်းမှာ အမျိုးသမီးတစ်ယောက်မှ မတွေ့ရပါဘူး။ ဆိုင်ကယ်ရော၊ ပစ္စည်းထုပ်တွေရော လူထုဆီက ယူထားတဲ့ ပစ္စည်းဖြစ်ဖို့များတယ်”ဟု ထုတ်ဖော်ပြောဆိုထားသည်။

တောင်စွန်းရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် မီးလောင်ပျက်စီးသွားသည့် စစ်ကောင်စီ၏ တောင်စွန်း ပင်မစခန်းအား ပြန်လည်ပြုပြင်တည်ဆောက်ရန်အတွက် ဆင်ပြေး၊ ခုခံ၊ သံပုရာ၊ တောင်စွန်းနှင့် အခြားကျေးရွာများရှိ ဌာနေလူထုများကို စစ်ကောင်စီမှ သစ်၊ ဝါးနှင့် ခြံစည်းရိုးတန်းများအား စခန်းသို့ လာရောက်ပို့ပေးရန် ကျေးရွာအလိုက် ခွဲတမ်းချမှတ်ပြီး အဓမ္မခိုင်းစေ ပြုလုပ်နေသည်ဟုလည်း ရွာသားများထံမှ သိရသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...