မြောက်ဦးမြို့နယ်တွင် အမည်မသိ ရောဂါကြောင့် ဝက်အကောင်ရေ ၁၀၀ ကျော် သေဆုံး

မြောက်ဦးမြို့နယ်တွင် အမည်မသိ ရောဂါကြောင့် ဝက်အကောင်ရေ ၁၀၀ ကျော် သေဆုံး
မြောက်ဦးမြို့နယ်၊ ဥက္ကံရွာတွင် မွေးမြူထားသည့် ဝက်များအား တွေ့ရစဉ်။
မြောက်ဦးမြို့နယ်၊ ဥက္ကံရွာတွင် မွေးမြူထားသည့် ဝက်များအား တွေ့ရစဉ်။

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာတချို့တွင် အမည်မသိ ရောဂါကြောင့် ဝက်ပေါက်စမှစ၍ အသားစားအရွယ်အထိ ဝက်ကောင်ရေ ၁၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မြောက်ဦးမြို့နယ် တိမ်ညို၊ ရွှေကျင်ပြင် ၊ ဥက္ကံ၊ ခွဆုံ၊ တောင်မြင့်၊ စည်းမောင်း၊ ကန်စောက်၊ ပေါက်ပင်ကွင်း၊ အောက်သကန် စသည့်ကျေးရွာများမှ ရွာသားများမွေးမြူထားသော ဝက်များမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ လက်ရှိအချိန်ထိ သေဆုံးလျက်ရှိနေကြောင်း သိရသည်။

တိမ်ညိုကျေးရွာမှ ဝက်မွေးမြူသူ ဦးမောင်မောင်လှိုင်က “ကျနော့်မှာ ဝက် ၁၁ ကောင် အကုန်လုံးသေသွားတယ်။ ပထမတော့တစ်ကောင် စဖြစ်တယ်။ အဲဒီကနေ အကုန်လုံးကို ကူးစက်ပြီးတော့ တစ်ကောင်ပြီးတစ်ကောင် သေသွားပါတယ်။ သေသွားတဲ့ဝက်တွေကိုလည်း ချောင်းထဲမှာ မျှောလိုက်တော့ အဲဒီကနေတဆင့် တခြားနေရာတွေကို ကူးစက်တာလည်း ဖြစ်နိုင်ပါတယ်”ဟု DMG ကို ပြောသည်။

ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ DMG က မေးမြန်းခဲ့သည့် စာရင်းများအရ တိမ်ညိုကျေးရွာတွင် ဝက်ကောင်ရေ ၃၀၊ ရွှေကျင်ပြင်ကျေးရွာတွင် ၁၉ ကောင်၊ ဥက္ကံကျေးရွာတွင် အကောင် ၃၀၊ တောင်မြင့်ကျေးရွာတွင် ၂၀၊ စည်းမောင်းကျေးရွာတွင် ၁၀ ကောင်နှင့် တခြား အနီးအနားကျေးရွာများတွင်လည်း ဝက်များသေဆုံးမှုရှိကြောင်း သိရသည်။

ဝက်များဖြစ်နေသည့် ရောဂါလက္ခဏာများမှာ အစာမစားခြင်း၊ လည်ပင်းရောင်ခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ ဝမ်း၊ ဆီးပုံမှန်မသွားခြင်း စသည့်တို့ဖြစ်ကာ ထိုသို့ဖြစ်ပြီး အချိန်တစ်ပတ် အတွင်းမှာပင် သေဆုံးသွားကြောင်း ဝက်မွေးမြူသူများက ဆိုသည်။

တောင်မြင့်ကျေးရွာသား ဦးမောင်ထွန်းဝင်းက “စဖြစ်ပြီး တစ်ပတ်အတွင်းမှာ သေတာရှိသလို တစ်ရက်အတွင်းမှာ သေတာလည်း ရှိပါတယ်။ ဝက်တွေက သေတော့မယ်ဆိုရင် ခန္ဓာတွေ တုန်လှုပ်လာတယ် ပြီးတော့ ခဏဆိုရင်သေပြီ။ ဘာရောဂါမှန်း မသိပေမဲ့ ရွာမှာရှိတဲ့ ယမ်းကု(ဆေးဆရာ)တွေကတော့ ဝက်တုပ်ကွေး ဖြစ်တာလို့ ပြောပါတယ်”ဟု ပြောသည်။

ယခုကဲ့သို့ ဝက်အများအပြား သေဆုံးနေခြင်းနှင့်ပတ်သက်ပြီး ဒေသခံများမှာ သက်ဆိုင်ရာဌာနများထံသို့ တိုင်ကြားထားမှု မရှိသေးကြောင်း သိရသည်။

မြောက်ဉီးခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ အောင်ကျော်အား DMG မှ ဆက်သွယ်မေးမြန်းရာတွင် “ကျနော်တို့အနေနဲ့ ကြားတာတော့ မရှိသေးပါဘူး။ တိရစ္ဆာန်တွေနဲ့ ပတ်သက်လာရင်တော့ ကျနော်တို့ဘက်က ကာကွယ်ဆေးထိုးပေးတာတွေ ပုံမှန်လုပ်နေလေ့ ရှိပါတယ်။ အခု ဖြစ်တာဟာ ဝက်တုပ်ကွေး ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဘယ်လိုမျိုးရောဂါလဲ ဆိုတာတော့ ဆန်းစစ်ကြည့်ရမယ်” ဟု ပြောသည်။

ဒေသခံတို့မှာ ၎င်းတို့ တပိုင်တနိုင် မွေးမြူထားသည့် ဝက်များသေဆုံးခဲ့ရသဖြင့် မိသားစုစားဝတ်နေရေးအတွက် ထိခိုက်မှုများရှိကြောင်း ပြောဆိုသည်။

“ကျမတို့မှာ ပိဿာ ၄၀ လောက်ရှိတဲ့ ဝက်နှစ်ကောင် သေသွားတယ်။ ငွေတန်ဖိုးနဲ့ ဆိုရင်လည်း ၁၅ သိန်းလောက် ရှိပါတယ်။ ပိုက်ဆံ မရှိမဲ့ ရှိမဲ့ ဝက်စာတွေ ဝယ်ပြီးတော့ ကျွေးထားရတာပါ။ ဝက်တွေ သေဆုံးသွားတော့ နှမြောတာပေါ့”ဟု ဥက္ကံကျေးရွာမှ ဒေါ်မပုစိန်က ပြောသည်။

ရခိုင်ပြည်အတွင်း ဝက်မွေးမြူကြသူများမှာ ဗီယက်နမ် ဝက်နှင့် အသားတိုး(CB) ဝက်များကို အများအပြား မွေးမြူကြကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်ကလည်း ရခိုင်ကမြို့နယ်အချို့တွင် မည်သည့် ရောဂါကြောင်းမှန်း မသိနိုင်ရှိနိုင်ဘဲ ဝက်များ အစုလိုက်အပြုံလိုက် သေဆုံးမှုများရှိခဲ့သည်။

ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...
ဓာတ်ပုံ - DMG
May 22, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီး(အောက်ရွာ)...