စစ်တပ်နှင့် ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် တော်လှန်ရေးတပ်များ သတိထားရန် လိုအပ်

စစ်တပ်နှင့် ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် တော်လှန်ရေးတပ်များ သတိထားရန် လိုအပ်

စစ်တပ်နှင့် ရုရှားစစ်တပ်တို့သည် ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ် နေပြီး၊ ရုရှားနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများကိုလည်း ခင်းကျင်းပြသသွားရန် ရှိကြောင်း စစ်တပ်အသိုင်း အဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လ ၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပြုလုပ်ခြင်းဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးများ၊ ဒရုန်းရန်သူကို တန်ပြန်ခုခံကာကွယ်သည့် နည်းလမ်းများနှင့် အပူပိုင်းဒေသ စီးနင်းတိုက်ခိုက်ရေး နည်းဗျူဟာများကိုပါ လေ့ကျင့်သွားမည်ဖြစ်သည်။

ထိုအစီအစဉ်သည် စစ်တပ်က အနာဂတ်စစ်ပွဲများအတွက် ပြင်ဆင်နေခြင်းဖြစ်သောကြောင့် တော်လှန်ရေး အင်အားစုများ အနေဖြင့် လျှော့တွက်၍ မရကြောင်း စစ်ရေးအကဲခတ်များက ထောက်ပြကြသည်။

စစ်အုပ်စု၏ လက်နက်နှင့် နည်းစနစ်အသစ်များ ရရှိနေမှုကို တန်ပြန်နိုင်ရန်အတွက် တော်လှန်ရေးတပ်များက လည်း ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း စစ်ရေးအကဲခတ် CDM ဗိုလ်ကြီး ဇင်ယော်က ပြောကြားသည်။

“သူတို့ရဲ့ စစ်ရေးပြတဲ့ အနေအထားနဲ့ ခင်းကျင်းထားတဲ့ဟာတွေက မြေပြင်တိုက်ပွဲတွေမှာ ချက်ချင်းသုံးဖို့ မလွယ်သေးဘူး။ အနာဂတ် စစ်ပွဲတွေအတွက်လို့ ယူဆတယ်။ ဒါပေမဲ့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ ပေါ့ဆလို့တော့ မရဘူး။ ဘာကြောင့်လဲဆိုတော့ တော်လှန်ရေး အစမှာ တော်လှန်ရေးတပ်ဖွဲ့တွေဖက်က ဒရုန်း နည်းပညာ အသာစီးနဲ့ စစ်ပွဲတွေကို ဖော်ဆောင်နိုင်ခဲ့တယ်။ စစ်တပ်ဖက်ကလည်း အထိနာပြီး အတုံးအရုန်း ကျရှုံးခဲ့ရတယ်။ မကြာခင်မှာပဲ စစ်တပ်ဖက်က ဒရုန်းအခန်း ကဏ္ဍမြင့်တင်ပြီး ဒရုန်းတပ်တွေပါ ဖွဲ့စည်းလိုက် တာ တွေ့ရတယ်။”

လက်ရှိတွင် စစ်တပ်သည် UGV မောင်းသူမဲ့ တိုက်ခိုက်ရေးယာဉ်များကို ထုတ်ပြနေသော်လည်း စစ်မြေပြင်တွင် အသုံးပြုမှု နည်းပါးနေသေးကြောင်း၊ သို့သော် နေပြည်တော် လုံခြုံရေးအတွက် ဟန်ပြအထူးတပ်ဖွဲ့ပုံစံဖြင့် Global Power မြှင့်တင်ရန် ဦးတည်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

CDM ဗိုလ်ကြီး ဇင်ယော်က “စစ်တပ်က သူတို့ရဲ့ စစ်ဖက်ဆိုင်ရာ နည်းပညာ အခန်းကဏ္ဍာကို တိုးနေတာ တွေ့ရ တော့ တော်လှန်ရေးတပ်တွေဘက်ကတည်း ရုရှားရဲ့ ပြိုင်ဖက် ယူကရိန်းဖက်က နည်းပညာတွေ ရယူဖို့ လုပ်ဖို့ တော့ လိုအပ်လာပြီ” ဟု ဆက်ပြောသည်။

ယခုပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ယခင်ကထက် နည်းပညာပိုင်း လေ့ကျင့်မှုများ ပိုမိုပါဝင်လာနိုင်သဖြင့် အထူး သတိပြုရမည့် အခြေအနေရှိသည်။

လက်ရှိတွင် ရုရှားနိုင်ငံဘက်မှ စစ်တပ်အရာရှိများနှင့် စစ်သည်အင်အား ၂၄ ဦးထက်မနည်း ပါဝင်နေပြီး၊ စစ်တပ် ဘက်မှလည်း လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စုံလင်း ကိုယ်တိုင် တက်ရောက်ကာ လက်ရုံး ဝန်ထမ်းတပ်များက လေ့ကျင့်လျက်ရှိသည်။

တစ်ဖက်တွင်လည်း စစ်တပ်သည် နိုင်ငံတစ်ဝန်းတွင် တိုက်ပွဲများ ဆင်နွှဲနေရသဖြင့် လက်နက်ခဲယမ်း လိုအပ်ချက် များ ကြုံတွေ့နေရသည်။ ထို့ကြောင့် ရုရှားနိုင်ငံထုတ် စစ်လက်နက်များနှင့် အဆင့်မြင့်နည်းပညာများကို အသုံးပြု လာနိုင်သဖြင့် တော်လှန်ရေးအင်အားစုများ အနေဖြင့် အထူးသတိထားရမည်ဖြစ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက ပြောဆိုကြသည်။

“အဓိကတော့ မြန်မာ စစ်တပ်မှာ အခုဆိုရင် နည်းပညာပိုင်းနဲ့ စစ်လက်နက်တွေ တအား လိုအပ်နေတာရှိတယ်။ ဒီဖက်မှာ UPV ဒရုန်းတွေကျတော့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေကို ထောက် လှမ်းတာတို့ သတင်းအတိအကျ ရလို့ရှိရင် သူတို့ ဗုံးကြဲတာတို့ရှိတော့ နည်းပညာအရ အထောက်အကူ ဖြစ်လာ နိုင်တယ်” ဟု DMG အယ်ဒီတာချုပ်နှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်မင်းဦးက သုံးသပ်သည်။

စစ်တပ်တပ်က တိုက်ခိုက်ရာတွင် အသုံးပြုနေသည့် ဂျက်တိုက်လေယာဉ်များမှာလည်း ရုရှားနိုင်ငံထုတ် တိုက်လေယာဉ်များဖြစ်ပြီး၊ နောင်တိုက်ပွဲများတွင် အခြားနည်းဗျူဟာမြောက် လက်နက်များကို အသုံးပြုလာနိုင်ကြောင်း ခန့်မှန်းကြသည်။

“နောက်တစ်ခုက ရုရှားက ရရှိတဲ့ တိုက်ခိုက်ရေး နည်းဗျူဟာတွေက ထိုးစစ်တွေမှာ သူတို့ ဘယ်လိုသုံးစွဲလာ မလဲ နည်းပညာ အမြင့်ဆုံးတွေနဲ့ သူတို့ သုံးလာတော့ တော်လှန်ရေး အုပ်စုတွေ၊ လက်နက်ကိုင်အုပ်စုတွေမှာ အခက်ခဲတွေ ရှိလာနိုင်တယ်။ အထူးသဖြင့် ရခိုင် စစ်မျက်နှာမှာလည်း နည်းပညာပိုင်း၊ လက်နက်အသစ်ဆန်း တွေ သုံးလာနိုင်တော့ တော်လှန်ရေး အုပ်စုတွေအနေနဲ့ သတိထားရမှာဖြစ်တယ်” ဟု ဦးအောင်မင်းဦးက ဆက်ပြောသည်။

ရုရှားနိုင်ငံသည် စစ်အုပ်စုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး စစ်အုပ်စုကို ကျောထောက် နောက်ခံ ပေးနေသည့် အင်အားကြီးနိုင်ငံ ဖြစ်သည်။

ထို့ပြင် မြန်မာစစ်တပ်အတွက် လေယာဉ်များ၊ ဒရုန်းနည်းပညာများနှင့် စစ်လက်နက်ပစ္စည်းများကို အဓိက ရောင်းချပေးနေသည့် အရင်းနှီးဆုံး မိတ်ဖက်နိုင်ငံတစ်ခုလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။

ပြီးခဲ့သည့်ကာလများအတွင်း မြို့ပေါင်း ၁၀၀ ကျော် လက်လွတ်ခဲ့ရသည့် စစ်တပ်သည် လက်ရှိတွင် တရုတ်နိုင်ငံ ၏ အကူအညီများနှင့်အတူ စစ်ကိုင်း၊ မန္တလေး၊ တနင်္သာရီ၊ ကရင်နှင့် ချင်းပြည်တို့တွင် တန်ပြန်ထိုးစစ်များ ဆင်နွှဲကာ နယ်မြေအချို့ကို ပြန်လည်ရယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

July 16, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းအထက်ပိုင်းဒေသရှိ တောင်ပေါက်ကျေးရွာတွင် ပြီးခဲ့သည့်...
July 15, 2026
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု...
July 14, 2026
ရေကြီးမှုဒဏ် ကြုံတွေ့ခဲ့ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် လယ်ယာနှင့် ဟင်းသီးဟင်းရွက်...
July 13, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း ငွေသားပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီး...