လုယက်မှုနှင့် ဓားပြတိုက်မှုဖြစ်စဉ်တွေကြောင့် ဖားကန့်မြို့က ရွှေဆိုင်အများစု ဆိုင်ရှေ့သံဇကာ ကာရံပြီး ရောင်းချနေရ

လုယက်မှုနှင့် ဓားပြတိုက်မှုဖြစ်စဉ်တွေကြောင့် ဖားကန့်မြို့က ရွှေဆိုင်အများစု ဆိုင်ရှေ့သံဇကာ ကာရံပြီး ရောင်းချနေရ

ဖားကန့်မြို့အတွင်း လုယက်မှုတွေနဲ့ ဓားပြတိုက်မှုဖြစ်စဉ်တွေ များပြားလာတာကြောင့် ရွှေဆိုင်အများစုဟာ ဆိုင်ရှေ့မှာ သံဇကာတွေကာရံပြီး ရောင်းချနေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ တစ်လအတွင်း ဖားကန့်မြို့အတွင်းမှာဓားပြတိုက်မှု (၂) ကြိမ်ဖြစ်ပွားခဲ့ပြီးတော့ ကျူးလွန်သူတွေကိုလည်း စစ်ကောင်စီဘက်က ဒီကနေ့ချိန်ထိ အရေးယူဖမ်းဆီးနိုင်တာမရှိသလို လုံခြုံမှုမရှိတဲ့ အနေအထားမှာ ရွှေဆိုင်အများစုဟာ သံဇကာတွေကာရံပြီး ရောင်းချလာကြတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ အခုချိန်ထိလည်း မိလည်းမမိဘူး။ အခုရွှေဆိုင်တွေကတော့ သံဇကာတွေ ပိတ်ပြီးမှ ရောင်းနေကြတာပဲ။ ဖားကန့်က ရွှေဆိုင်တွေ အကုန်လုံး။” လို့ ဆိုပါတယ်။

ဒါ့အပြင် လုံခြုံရေးအတွက် ဆိုင်ဖွင့်ချိန်တွေကိုလည်း ပြောင်းလဲလာကြပြီး မနက် (၇) နာရီ လောက်ဖွင့်တဲ့ ဆိုင်တွေဟာ အခုချိန်မှာတော့ (၉) နာရီနဲ့ (၁၀) နာရီဝန်းကျင်လောက်ရောက်မှာသာ ဖွင့်ကြတော့တာ ဖြစ်တယ်လို့ နောက်ထပ် ဒေသခံ တစ်ဦးကဆိုပါတယ်။

“စောစောလည်း မဖွင့်တော့ဘူးလေ။ အရင်တုန်းကဆို ရင် မနက် ၇ နာရီ ၈ နာရီဆိုလည်း ဖွင့်ကြတာကိုး၊ ရွှေဆိုင်တွေ တော်တော်များများ။” လို့ ဆိုပါတယ်။

ငှက်ပျောတောရပ်ကွက်က စင်ကြယ်ရွှေဆိုင်မှာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၀ ရက်နေ့က ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး လက်စွပ် အကွင်း (၁၅၀) နီးပါး နဲ့ တခြားရွှေထည် ပစ္စည်းတွေကိုလည်း ဓားပြတိုက်သူတွေက ယူဆောင်သွားခဲ့ပါတယ်။

ဒါ့အပြင် လုံးခင်းကျေးရွာက JM ဖုန်းဆိုင်မှာလည်း ဒီဇင်ဘာ (၂) ရက်နေ့က ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး စုစုပေါင်းတန်ဖိုး သိန်း (၁၅၀) ကျော်တန်ဖိုးရှိတဲ့ ပစ္စည်းတွေ လုယူသွားခဲ့ပါတယ်။

Most read this week

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...