NGO/ INGO များကို သွားလာခွင့်ပိတ်ထားသဖြင့် ပေါက်တောနှင့် မြေပုံမြို့နယ်က မွတ်ဆလင်ဒုက္ခသည် ၂၈,၀၀၀ ကျော် စားဝတ်နေရေးထိခိုက်

NGO/ INGO များကို သွားလာခွင့်ပိတ်ထားသဖြင့် ပေါက်တောနှင့် မြေပုံမြို့နယ်က မွတ်ဆလင်ဒုက္ခသည် ၂၈,၀၀၀ ကျော် စားဝတ်နေရေးထိခိုက်
မြေပုံမြို့ မွတ်ဆလင်ဒုက္ခသည်စခန်းအား တွေ့ရစဉ်။ / ဓာတ်ပုံ - ပေးပို့
မြေပုံမြို့ မွတ်ဆလင်ဒုက္ခသည်စခန်းအား တွေ့ရစဉ်။ / ဓာတ်ပုံ - ပေးပို့

ရခိုင်ပြည်တွင်းက ဒုက္ခသည်များကို ကူညီထောက်ပံ့မှုပေးနေသည့် NGO/ INGO များကို မြန်မာစစ်တပ်က ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကြောင့် မြေပုံနှင့် ပေါက်တောမြို့နယ် တို့မှ မွတ်ဆလင်ဒုက္ခသည် ၂၈,၀၀၀ ကျော်မှာ စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလမှစတင်ကာ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံနှင့် ရသေ့တောင် မြို့နယ်သို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးသွားလာခွင့်ကို ပိတ်ပင်ခဲ့ပြီး လက်ရှိတွင် ၄ လခန့် ကြာမြင့်လာပြီဖြစ်သည်။

ထို့ကြောင့် မြေပုံမြို့၊ တောင်ပေါ်ရပ်ကွက်မှ ဒုက္ခသည်ဦးရေ ၃၀၀၀ ကျော်မှာ စားဝတ်နေရေးအတွက် များစွာအခက်ကြုံတွေ့နေရကြောင်း စခန်းတာဝန်ခံ ဦးမောင်တင်အောင်က DMG သို့ ပြောသည်။

“ကျနော်တို့ကို အရင်ကဆိုရင် WFP က လစဉ်ထောက်ပံ့တယ်။ အခုဆိုရင် စက်တင်ဘာလက စပြီးတော့ စစ်ကောင်စီက သွားလာခွင့်တွေ ပိတ်ထားတဲ့အတွက် ထောက်ပံ့ငွေ မရတော့ဘူး။ ထောက်ပံ့ငွေ မရတော့ စားဝတ်နေရေးတွေ အခက်အခဲရှိတာပေါ့။ ဒါကြောင့် NGO/ INGO တွေကို ကူညီထောက်ပံ့ခွင့် ပေးစေချင်တယ်”ဟု ဦးမောင်တင်အောင်က ပြောသည်။

ပေါက်တောမြို့နယ်ကိုလည်း  နိုဝင်ဘာလမှစတင်ကာ ဒုက္ခသည်များအား ကူညီထောက်ပံ့ပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ခရီးသွားလာခွင့်ကို မြန်မာစစ်တပ်က ပိတ်ပင်ထားသည့်အတွက် လက်ရှိတွင် စားဝတ်နေရေးထိခိုင်နေရကြောင်း ငှက်ချောင်းမွတ်ဆလင်ဒုက္ခသည်စခန်းမှ စခန်းတာဝန်ခံ ဦးရဲလွင်က ပြောသည်။

“အရင်တုန်းကတော့ ပုံမှန်ထောက်ပံ့တာပေါ့။ နိုဝင်ဘာလကတော့ မရောက်ဘူး။ ပြီးခဲ့တဲ့လ(ဒီဇင်ဘာလ)ကတော့ စားနပ်ရိက္ခာ မဟုတ်ဘဲ ငွေထောက်ပံ့တာ ရှိတယ်။ ဒီလတော့ မရောက်သေးဘူး။ ကျနော်တို့ သိရတာကတော့ NGO/ INGO ကို အစိုးရက သွားလာခွင့်ပိတ်ထားတယ်လို့ သိရတယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ ထောက်ပံ့ငွေ မရောက်သည့်အတွက် မွတ်ဆလင်ဒုက္ခသည်များမှာ လက်ရှိတွင် မိမိတို့ စုဆောင်းထားသည့် ပစ္စည်းများကို ထုခွဲ ပေါင်နှံ ရောင်းချကာ စားဝတ်နေရေးအတွက် ဖြေရှင်းနေရကြောင်း သိရသည်။

ပေါက်တောမြို့နယ် ငှက်ချောင်းဒုက္ခသည်စခန်းမှ ကိုအေးကျော်က “ကျနော်တို့က ဒီမှာနေတာ နှစ်ပေါင်း ၁၀ ကျော်ရှိပြီ။ အဲဒီကတည်းက WFP က ကျန်းမာရေးကအစ စားဝတ်နေရေးအတွက်ပါ ထောက်ပံ့ပေးတယ်။ ထောက်ပံ့ကြေး မရတော့ စားဝတ်နေရေးကအစ ကျန်းမာရေးကိစ္စတွေမှာပါ အခက်အခဲရှိတယ်”ဟု ပြောသည်။

ငှက်ချောင်းမွတ်ဆလင်ဒုက္ခသည်စခန်းတွင် လူဦးရေစုစုပေါင်း ၂၅,၀၀၀ ကျော် အထိရှိကြောင်း သိရသည်။

မြေပုံနှင့် ပေါက်တောမြို့နယ်မှ မွတ်ဆလင် ဒုက္ခသည်များမှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်အတွင်း နှစ်ဖက်အသိုင်းအဝိုင်းကြား ပဋိပက္ခများကြောင့် ထွက်ပြေးခဲ့ရသူများဖြစ်သည်။

၎င်းတို့၏ စားဝတ်နေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော WFP, ICRC, Save the Children, MSF စသည့်အဖွဲ့များက အဓိက ကူညီထောက်ပံ့ပေးနေခြင်း ဖြစ်သည်။

NGO/INGO များကို ခရီးသွားလာခွင့် ပိတ်ပင်ထားသည့်ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းအား DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ရခိုင်ပြည်အတွင်း အခက်အခဲကြုံတွေ့နေကြသူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဆောင်ရွက်နိုင်ရန် မျှော်လင့်ချက်များရှိကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Stephen Anderson က DMG ၏ မေးမြန်းမှုကို အီးမေးလ်မှတစ်ဆင့် ဖြေကြားထားသည်။

“စက်တင်ဘာလလယ်ကတည်းက WFP အထောက်အပံ့တွေကို မရရှိခဲ့ကြရတဲ့ ရခိုင်ပြည် အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာရှိကြတဲ့ ကျနော်တို့ရဲ့ အကျိုးခံစားခွင့်ရှိသူတွေဆီကို ဒီအပစ်ခတ်ရပ်စဲရေး ကြေညာချက်ကြောင့် စားနပ်ရိက္ခာနဲ့ အခြား အသက်ကယ်ဆယ်ရေးအကူညီတွေ ပေးအပ်နိုင်ခွင့် ရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်”ဟု Mr.Stephen Anderson က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ပြောဆိုထားသည်။

အခြားတစ်ဘက်တွင်လည်း ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်များမှာ ၎င်းတို့အား အဓိက ကူညီထောက်ပံ့ပေးနေသည့် INGO/NGO စသည့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများကို မြန်မာစစ်တပ်က ခရီးသွားလာခွင့် ပိတ်ပင်ထားသဖြင့် ဒုက္ခရောက်နေကြရသည်။

လက်ရှိတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့သည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့ကစပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲလိုက်ကြသည်။ ထို့ကြောင့် INGO/NGO များနှင့် လူမှုကူညီရေးအဖွဲ့များကို လွတ်လပ်စွာသွားလာခွင့်ပေးရန် ရခိုင်က စစ်ဘေးရှောင်များနှင့် မွတ်ဆလင် ဒုက္ခသည်များက တောင်းဆိုနေကြသည်။

July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...
July 17, 2026
စစ်တပ်နှင့် ရုရှားစစ်တပ်တို့သည် ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ...
July 16, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းအထက်ပိုင်းဒေသရှိ တောင်ပေါက်ကျေးရွာတွင် ပြီးခဲ့သည့်...