မောင်တောမြို့ပေါ်တွင် AA ကားကို ရဲတပ်ဖွဲ့က တားဆီးမှုကြောင့် စကားများကာ ပစ်ခတ်လုနီးပါးဖြစ်ခဲ့

မောင်တောမြို့ပေါ်တွင် AA ကားကို ရဲတပ်ဖွဲ့က တားဆီးမှုကြောင့် စကားများကာ ပစ်ခတ်လုနီးပါးဖြစ်ခဲ့
(ပုံဟောင်း) ရခိုင်ပြည်အတွင်း တာဝန်ထမ်းဆောင်နေကြသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / ဓာတ်ပုံ - DMG
(ပုံဟောင်း) ရခိုင်ပြည်အတွင်း တာဝန်ထမ်းဆောင်နေကြသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / ဓာတ်ပုံ - DMG

ရခိုင်ပြည်၊ မောင်တောမြို့၊ Lucky တည်ခိုးခန်းရှေ့လမ်းမပေါ်တွင် ရက္ခိုင့်တပ်တော်(AA) မှ ကားတစ်စီးကို ယနေ့ (ဇန်နဝါရီလ ၆ ရက်) နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များက လာရောက်တားဆီးမှုကြောင့် နှစ်ဖက် စကားအချေအတင်များခဲ့ကြကြောင်း မျက်မြင်မြို့ခံများထံမှ သိရသည်။

AA တပ်ဖွဲ့ဝင် ၇ ဦးခန့် စီးနင်းလိုက်ပါလာသည့် ကားတစ်စီးကို ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်က ကားနှစ်စီးဖြင့် လာရောက်တားဆီးကာ စစ်ဆေးရန်ပြုလုပ်သည့်အတွက် နှစ်ဖက်လုံးမှ သေနတ်များဖြင့်ချိန်ရွယ်ကာ ပစ်ခတ်လုနီးပါး ဖြစ်ခဲ့ကြသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။

“သူတို့(AA) ဖက်က ကိစ္စတစ်ခုနဲ့လာတာ ထင်တယ်။ မြို့ဝင်ဂိတ်မှာ စစ်ဆေးမခံဘဲ လာခဲ့ကြတာ။ အဲဒီမှာ ရဲတွေက ကားနှစ်စီးနဲ့လိုက်လာတယ်။ လပ်ကီးတည်ခိုးခန်းရှေ့မှာ လာတားတာ။ တားတော့ AA က လက်နက်အပြည့်အစုံနဲ့ ဆင်းလာတယ်။ စကားအချေအတင်‌ ပြောကြတယ်။ ပစ်ခတ်တာတွေတော့ မရှိခဲ့ဘူး”ဟု ၎င်းကဆိုသည်။

“ပထမတော့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်သွားတာပေါ့။ ပြီးတော့ မြို့ပေါ်မှာလေ။ အခုတော့ ပြေလည်သွားလို့ AA ဖက်ကလည်း ကားနဲ့ပြန်ထွက်သွားပြီ။ ထွေထွေထူးထူး ဖြစ်ခဲ့တာတော့ မရှိပါဘူး”ဟု နောက်ထပ် မျက်မြင်မြို့ခံတစ်ဦးက ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လကစပြီး စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ နှစ်ဖက် အပစ်အခတ်ရပ်စဲထားသည်မှာ တစ်လကျော်အထိ ကြာမြင့်လာပြီဖြစ်သည်။

လက်ရှိတွင် အပစ်အခတ်ရပ်စဲထားသည့်အတွက် နောက်ထပ် တိုက်ပွဲမဖြစ်ရန် စစ်ကောင်စီအနေဖြင့် ယခုလိုမျိုး တားဆီးခြင်းများ မလုပ်သင့်ကြောင်း မောင်တောမြို့မှ မြို့မိ၊ မြို့ဖတစ်ဦးက ထောက်ပြပြောဆိုသည်။

“လက်ရှိ တိုက်ပွဲတွေကတော့ ငြိမ်နေတယ်။ တိုက်ပွဲ နောက်မဖြစ်ဖို့ အရေးကြီးတယ်။ တိုက်ပွဲမဖြစ်ဖို့ဆိုရင် တစ်ဖက်နဲ့တစ်ဖက် ဒီလိုလုပ်တာတွေ မရှိဖို့လိုတယ်။ ဒီလိုအပစ်ခတ်ရပ်စဲထားတဲ့ ကာလမှာ စစ်ကောင်စီဖက်က မလုပ်သင့်တဲ့အလုပ်ကို မလုပ်ဖို့လိုအပ်တယ်”ဟု ၎င်းကဆိုသည်။

ယနေ့ဖြစ်ပွားခဲ့သည့်‌ မောင်တောဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခတို့ကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် AA တို့မှာ နှစ်ဘက်နားလည်မှုဖြင့် ယာယီ အပစ်ရပ်စဲထားသော်လည်း အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်ကြောင်း ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဉီးခိုင်သုခက ပြောဆိုထားသည်။

ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...