ပါတီဝင်(၃)ဦး သတ်ဖြတ်ခံရမှုမှာ ULA/AA လက်ချက်ဟု ALP ထုတ်ပြန်

ပါတီဝင်(၃)ဦး သတ်ဖြတ်ခံရမှုမှာ ULA/AA လက်ချက်ဟု ALP ထုတ်ပြန်
ဓာတ်ပုံ - ကိုလင်းလင်း (Facebook)
ဓာတ်ပုံ - ကိုလင်းလင်း (Facebook)

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ တပ်ဖွဲ့ဝင် (၃) ဦးကို သေနတ်ဖြင့်ပစ်ခတ်သွားခြင်းမှာ ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) မှဖြစ်ကြောင်း ALP ပါတီက ယနေ့ထုတ်ပြန်လိုက်သည်။

ယမန်နေ့(ဇန်နဝါရီလ ၄ ရက်)၊ နံနက် ၈ နာရီခန့် ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်(၁၃)ရှိ ဆီတန်းရှေ့တွင် ALP တပ်ဖွဲ့ဝင် (၃)ဦးမှာ ၎င်းတို့စီးနင်းလာသည့်ကားပေါ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်ခံရပြီး သေဆုံးသွားသူ (၃)ဦးမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်တော်(ALA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြ၊ အမှတ်(၁၀၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ဖြစ်ကြောင်း သိရသည်။

“ဗိုလ်ချုပ်ခိုင်စိုးမြနှင့် တပ်မှူးတစ်ဦးအား ULA/AA က ရခိုင်အမျိုးသားအချင်းချင်းကြား လူသားမဆန်အကြမ်းဖက် လုပ်ကြံခြင်းသည် ရခိုင်တမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်စီးစေသည်သာမက ရခိုင်ပြည်သူများကိုပါ တုန်လှုပ်ချောက်ချားစေသည့်အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သည်”ဟု ALP က ထုတ်ပြန်ထားသည်။

ULA/AA က ALP/ALA ခေါင်းဆောင်များ၊ ပါတီဝင်များနှင့် တပ်ဖွဲ့ဝင်များအား ဖမ်းဆီးနှိပ်စက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်သာမက ရခိုင်နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ၊ ပါတီဝင်များ၊ အပြစ်မဲ့ရဟန်းသံဃာများနှင့် ပြည်သူများကိုပါမချန် ဥပဒေမဲ့ဖမ်းဆီးနှိပ်စက်ခြင်းများ၊ လုပ်ကြံသတ်ဖြတ်ခြင်းများကို ဆက်တိုက်ပြုလုပ်နေခြင်းအတွက် တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ထုတ်ပြန်ထားသည်။

ALP ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်နေဆဲဖြစ်သည်။

AA အနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း ALP ၏ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ ပါတီနှင့်ဆက်စပ်သူများကို ဖမ်းဆီးမှုများရှိခဲ့ပြီး ၂၀၂၂ ခုနှစ် သြဂုတ်လထဲတွင် (၁၆) ဦးရှိခဲ့ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)သည် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး စစ်ကောင်စီကဖိတ်ခေါ်သည့် ဆွေးနွေးပွဲများကိုလည်း တက်ရောက်ဆွေးနွေးလျက်ရှိသည်။

April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...