ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင် စီဘက်က လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများပြားကြောင်း ကော့ကရိတ်မြို့ခံများက ပြောသည်။
ကော့ကရိတ်မြို့အနီး ကော့နွဲကျေးရွာဘက်တွင် ယခုရက်ပိုင်းတိုက်ပွဲများပြင်းထန်နေပြီး ယမန်နေ့တွင်လည်း ကော့ကရိတ်မြို့အမှတ်(၇)တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားရာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေကြောင်းဖြင့် အဆက်မပြတ် လာရောက်ပစ်ခတ်မှုတို့ကြောင့် မြို့ခံပြည်သူအများအပြား သေဆုံးဒဏ်ရာရရှိနေကြောင်း ကော့ကရိတ်မြို့ခံတစ်ဦးက ယခုလို ပြောသည်။
“အရင်ကတော့မြို့ပြင်မှာပဲ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီကတော့ လက်နက်ကြီးတွေ အဆက် မပြတ်ပစ် နေတာပဲ။ မနေ့ကတော့ အမှတ်(၇)မှာ တိုက်ပွဲထပ်ဖြစ်တော့ စစ်ကောင်စီလက်နက်ကြီးပစ်တာ ပြည်သူ ၉ ဦးထိပြီး ၁ ဦးသေသွားတယ် ကြားတယ်။ မနက်ပိုင်းမှာတော့ ကော့နွဲရွာ အာရှလမ်းဘက်မှာလည်း လက်နက်ကြီးထိလို့ တစ်ဦးသေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် တိုက်ပွဲကြောင့် ကော့ကရိတ်မြို့ထဲအပြင် မြို့အနီးကျေးရွာများတွင် ပြည်သူများလည်း အများ အပြားထိခိုသေဆုံးမှုရှိပြီး တိုက်ပွဲကြောင့် တိမ်းရှောင်ကြသည့် ဒေသခံစစ်ဘေးရှောင်များလည်း လက်ရှိတွင် အစားအသောက်နှင့်အဝတ်အထည်များလိုအပ်နေကြောင်း စစ်ဘေးရှောင်ဒေသခံများက ပြောသည်။
စစ်ရှောင်ဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်တာတော့ အဆက်မပြတ်ပဲ။ မြို့တွင်းမြို့ပြင် ပြည်သူတွေလည်း အများ အပြားထိနေတယ်။ ရွာမှာနေမရဲတော့ဘူး။ တောထဲစစ်ဘေးရှောင်သူလည်း ရာသီဥတုလည်း အေးတယ်။ အစား အသောက်လည်းမရှိတော့ဘူး။ ဝယ်စားလို့လည်းမရဘူး။ အဓိကတော့ အစားအသောက်လိုအပ်နေတယ်”ဟု ကေအိုင်စီသို့ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်တွင် ကော့ကရိတ်မြို့အထွက်ရှိ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း -ခလရ(၂၃၀-၂၃၁) တိုက်ခိုက်ခံခဲ့ရရာမှ တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုများပါ လုပ်ဆောင်သောကြောင့် လက်ရှိတွင် အရပ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂ဦးအထိရှိလာနေပြီဟု စစ်ရှောင်ကူညီသူများက ပြောသည်။
ယမန်နေ့ နံနက်က ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာအနီး ဖြစ်ပွားသော ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်သူအပါအဝင် အများအပြား သေဆုံးကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တောင်ပိုင်း စစ်ဒေသသတင်းနှင့် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။







