ကမ်းထောင်းကြီး စစ်ဘေးဒုက္ခသည်ဦးရေ (၁၈၀)ခန့် တာပေါ်လင်စဖြင့် မြေကြီးပေါ်၌ အိပ်စက်နေရသည့်အတွက် အကူအညီများ လိုအပ်နေ

ကမ်းထောင်းကြီး စစ်ဘေးဒုက္ခသည်ဦးရေ (၁၈၀)ခန့် တာပေါ်လင်စဖြင့် မြေကြီးပေါ်၌ အိပ်စက်နေရသည့်အတွက် အကူအညီများ လိုအပ်နေ
ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် မြေကြီးပေါ်တွင်နေထိုင်နေရသည့် စစ်ဘေးဒုက္ခသည်များအား တွေ့ရစဉ်
ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် မြေကြီးပေါ်တွင်နေထိုင်နေရသည့် စစ်ဘေးဒုက္ခသည်များအား တွေ့ရစဉ်

ရခိုင်ပြည်၊ မြေပုံမြို့နယ်ရှိ ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်း၌ ခိုလှုံနေကြသည့် စစ်ဘေးဒုက္ခသည် (၁၇၉)ဦးမှာ မြေကြီးပေါ်တွင် တာပေါ်လင်စခင်းကာ နေထိုင်အိပ်စက်နေရသည်ဟု အဆိုပါစစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိတွင် အလှူရှင်များနည်းပါးသဖြင့် အဆိုပါစစ်ဘေးဒုက္ခသည်များကို တဲအိမ်များဖြင့် နေရာချပေးနိုင်ခြင်း မရှိသေးသည့်အတွက် တာပေါ်လင်စတို့ကိုအသုံးပြု၍ နေထိုင်ရန်စီစဉ်ပေးထားရခြင်းဖြစ်သည်ဟု ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးဝင်းလှအောင်က ပြောသည်။

"အသစ်ရောက်လာတဲ့ စစ်ဘေးရှောင်တွေမှာ နေရမယ့် အိမ်ကမရှိသေးဘူး။ အလှူရှင်နည်းနည်းလောက်က ထောက်ပံ့ထားတာလေးနဲ့ မြေကြီးပေါ်မှာ တာပေါ်လင်စတွေနဲ့ အမိုးအကာလုပ်ပြီး စီစဉ်ပေးထားရသေးတယ်။ သူတို့တွေဒီလို မြေကြီးပေါ်မှာပဲ နေရမယ်ဆိုရင် နောက်လတွေမှာ ကျန်းမာရေးတွေ ထိခိုက်လာနိုင်တယ်။ နောက်ပြီးတော့ အဲဒီထဲမှာ အသက်ကြီးပိုင်းတွေလည်း ပါပါတယ်။ မွေးကင်းစကလေးတွေလည်းပါတယုဆိုတော့ သူတို့ရဲ့ကျန်းမာရေးအခြေနေတွေက ဆိုးဆိုးဝါးဝါး ဖြစ်လာနိုင်တယ်"ဟု ၎င်းကပြောသည်။

အဆိုပါစစ်ဘေးဒုက္ခသည်များမှာ အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စုအတွင်းက ကျေးရွာသားများဖြစ်ပြီး မြန်မာစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းမှ စတင်ကာ ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတွင် ခိုလှုံရန် ရောက်ရှိလာကြခြင်းဖြစ်သည်။

လက်နက်ကြီးပစ်ခတ်မှုများကြောင့် စိုးရိမ်ကြောက်လန့်ကာ ရုတ်တရက်ထွက်ပြေးတိမ်းရှောင်လာရသည့်အတွက် တိမ်းရှောင်လာသူအချို့သည် အနွေးထည်များ၊ စောင်များပါလာသော်လည်း အများစုမှာ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်ပြေးလာရသည့်အတွက် အနွေးထည်နှင့် စောင်များ အရေးပေါ်လိုအပ်နေသည်ဟု စစ်ဘေးရှောင်ဒုက္ခသည်များက ဆိုကြသည်။

"အခုက ဆောင်းရာသီဆိုတော့ အနွေးထည်တွေ၊ စောင်တွေတော့ လိုအပ်နေပါတယ်။ မြေကြီးပေါ်မှာ အိပ်နေရတာဆိုတော့ ကြာလာရင် ရောဂါတွေဖြစ်လာနိုင်တယ်။ ကျနော်တို့ကတော့ အိမ်နေရာတခုလောက်ရရင် ပြီးပါပြီ။ ကျန်တာဘယ်လိုပဲရှိနေ၊ ရှိနေ အဓိက မြေကြီးပေါ်မှာအိပ်နေရတဲ့ အခက်အခဲတခုကလွတ်ရင် ကျေနပ်ပါပြီ"ဟု စစ်ဘေးဒုက္ခသည်  ဦးယာအောင်ကပြောသည်။

လက်ရှိ မြေကြီးပေါ်တွင် အိမ်စက်နေထိုင်နေရသည့် စစ်ဘေးဒုက္ခသည်များထဲတွင် သက်ကြီးရွယ်အိုများ၊ ကလေး သူငယ်များလည်း ပါဝင်သည့်အတွက် ယခုကဲ့သို့ ဆောင်းတွင်းကာလတွင် မြေကြီးပေါ်၌ ကြာရှည်စွာ အိပ်စက် နေထိုင်နေမည်ဆိုပါက ကျန်းမာရေးအတွက်ထိခိုက်လာမည်ကိုလည်း စစ်ဘေးဒုက္ခသည်များက စိုးရိမ်နေကြသည်။

အသက် ၆၃ နှစ်အရွယ် စစ်ဘေးဒုက္ခသည် ဦးရန်အောင်က "အမိုးအကာတွေမလုံတော့ အအေးမိ၊ နှာစီးတာ မျိုးတွေတော့ ရှိတာပေါ့။ နောက်ပြီး နောက်ကျောတွေ ဘာတွေ အောင့်တာမျိုးဖြစ်တယ်။ ဒီလိုမြေကြီးအပေါ်မှာ အကြာကြီးနေရင် အရိုးကျီးပေါင်းဖြစ်မှာတို့၊ လေဖြတ်မှာတို့ကို လည်းကြောက်ရတယ်။ စခန်းတာဝန်ခံတွေကတော့ မကြာခင် နေအိမ်တွေဆောက်ပေးမယ်လို့တော့ ပြောပါတယ်။ အလှူရှင်ရောက်ရင်တော့ ပိုကောင်းတာပေါ့"ဟု ၎င်းကပြောသည်။

လက်ရှိတွင် မြေကြီးပေါ်တွင် အိပ်စက်နေထိုင်နေရသည့် အိမ်ထောင်စု ၅၉ စုစာအတွက် ယာယီတဲအိမ်ဆောက်ပေးရန် အလှူရှင်များနှင့် ချိတ်ဆက်နေပြီး နေအိမ်တလုံးလျင် ငွေကျပ် ၂ သိန်းကျော်အထိ ကုန်ကျမှုရှိလာနိုင်ကြောင်း ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများက ပြောသည်။

ယင်းအပြင် လယ်ပိုင်ရှင်ထံမှ မြေ ၁ ဧက ငှားရမ်းရမည်ဖြစ်ပြီး ငှားရမ်းစရိတ်အတွက် တစ်နှစ်လျှင် ငွေကျပ် ၁၀ သိန်းအထိ ရှိနိုင်သဖြင့် လက်ရှိတွင် စစ်ဘေးဒုက္ခသည်များအတွက် နေရာထိုင်ခင်း ဆောက်လုပ်ပေးရေးမှာ အခက်အခဲများရှိနေသည်ဟု စခန်းတာဝန်ခံ ဦးဝင်းလှမောင်ကပြောသည်။

"အခုနေရာအတွက် လယ်ပိုင်ရှင်ထံက မြေနေရာမငှားရသေးဘူး။ မြေငှားဖို့အတွက်လည်း ကျနော်တို့မှာ ငွေကြေး အခက်အခဲရှိတယ်။ နောက်ပြီး နေအိမ်ဆောက်ပေးဖို့အတွက် NGO ကိုချိတ်ဆက်ကြည့်တော့ သူတို့က အမိုး အကာလောက်ကိုပဲ ထောက်ပံ့မယ်ပြောလို့ ကျနော်တို့ တခြားအဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်နေပါတယ်"ဟု ၎င်းကဆိုသည်။

ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတွင် ယခင်တိုက်ပွဲကာလအတွင်းကပင် ခိုလှုံနေကြသည့် စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၁၂၁ စု ရှိခဲ့ရာမှ ယခုနှစ် သြဂုတ်လအတွင်းမှ စတင်ဖြစ်ပွားခဲ့သည့် တစ်ကျော့ပြန်တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၁၀၉ စု ထပ်တိုးလာကာ လက်ရှိတွင် စစ်ဘေးဒုက္ခသည်ဦးရေ ၈၀၀ ကျော်အထိရှိလာနေကြောင်း စခန်းတာဝန် ရှိသူများထံမှ သိရသည်။

တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှု‌ကြောင့် ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် ဩဂုတ်လမှစတင်ပြီး အောက်တိုဘာလ ၁၁ ရက်နေ့အထိ စစ်ဘေး‌ရှောင်ဦးရေ ၁၆၀၀၀ အထိရှိလာပြီး နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေနှင့် ပေါင်းလျှင် ၉၀၀၀၀ ကျော်အထိရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)မှ အောက်တိုဘာလ ၁၉ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...