နာတာရှည်ရောဂါခံစားနေရသည့် ရခိုင်က စစ်ဘေးရှောင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

နာတာရှည်ရောဂါခံစားနေရသည့် ရခိုင်က စစ်ဘေးရှောင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
စစ်တွေမြို့စစ်ဘေးရှောင်စခန်းတချို့၌ စစ်ဘေးလာရှောင်လာကြသူများအား တွေ့ရစဉ်။
စစ်တွေမြို့စစ်ဘေးရှောင်စခန်းတချို့၌ စစ်ဘေးလာရှောင်လာကြသူများအား တွေ့ရစဉ်။

ရခိုင်ပြည်က နာတာရှည်ရောဂါခံစားနေရသည့် စစ်ဘေးရှောင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

စစ်ဘေးရှောင်စခန်းများအတွင်း နာတာရှည်ရောဂါခံစားနေရသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ မရှိသောကြောင့် အခမဲ့ဆေးခန်းများတွင် ဆေးသွားရောက်ကုသမှုခံယူနေရပြီး ရောဂါသက်သာခြင်းမရှိသူများသည် ဆေးရုံဆေးခန်းများ၌  ဆေးကုသခမှုခံယူနိုင်ရန် အကူအညီလိုအပ်နေကြောင်း စစ်တွေမြို့ ငါးစရိုင်းချောင်းကျောင်း စစ်ဘေးရှောင်းစခန်းမှ ကျောက်ကပ်ရောဂါခံစားနေရသည့် ဦးအောင်ကျော်ထွန်းက DMG သို့ ပြောသည်။

“ဆေးရုံ၊ ဆေးခန်းတွေသွားမယ့် ပိုက်ဆံမရှိတော့ ရွှေကရုဏာ ဆေးခန်းသွားပြီးကုသ‌နေရပါတယ်။ ကျန်းမာရေးဌာနကပေးထားက ပါရာဆေးတွေ၊ ဆေးဝါရည်တွေပဲပေးတော့ ကျနော်တို့နဲ့မအပ်စပ်ဘူးလေ။ ရွှေကရုဏာဆေးခန်းမှာ ဆေးကုသမှုခံယူနေတာ ၁၀လလောက်ရှိပြီ။ မသက်သာဘူး။ ကျနော်က မသန်းစွမ်းလည်းဖြစ်တယ်၊ ခြေလည်းသိပ်အားမရတော့ဘူးဆိုတော့ ကျနော်အနေနဲ့ ဆေးကုသဖို့ ဆေးရုံ၊ ဆေးခန်းတွေတော့ သွားချင်တယ်။ ပိုက်ဆံလည်း မရှိတော့ အကူအညီလေးလိုချင်ပါတယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် အဆိုပါ ငါးစရိုင်းချောင်းကျောင်းစခန်း၌ သောက်သုံးရန် ရေသန့်မရှိသောကြောင့်  စစ်ဘေးရှောင်တစ်ချို့မှာ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်နေကြကာ ဆောင်းရာသီကာလဖြစ်သောကြောင့် တချို့ ကလေး၊ လူငယ်များမှာလည်း နှာစေး၊ ချောင်းဆိုး၊ ဖျားနာသည့်ရောဂါများဖြစ်နေကြောင်း သိရသည်။

အလားတူ စစ်တွေမြို့ မင်းဂံရပ်ကွက် (၁၃)၊ ဝိဘဇ္ဇဝါဒီ စစ်ဘေးရှောင်စခန်းတွင်လည်း နာတာရှည်ရောဂါများဖြစ်သည့် တီဘီရောဂါ၊ အရေပြားအကျိတ်ရောဂါခံစားနေရမှုများလည်းရှိကြောင်း သိရသည်။

ကျန်းမာရေးစောင့်ရှောက်ပေးမှုအားနည်းနေသည့် နာတာရှည်ရောဂါခံစားနေရသည့် စစ်ဘေးရှောင်များသည် ပြင်ပဆေးရုံ၊ ဆေးခန်းများ၌ ငွေကြေးကုန်ကျမှုများစွာဖြင့် ဆေးကုသမှုခံယူနေရကြောင်း ဝိဘဇ္ဇဝါဒီ စစ်ဘေးရှောင်စခန်းမှ တီဘီရောဂါခံစားနေရသူ၏ သမီးဖြစ်သူ မသဲသဲနုက DMG သို့ ပြောသည်။

“ကျန်းမာရေးစောင့်ရှောက်မှုတွေေတာ့ရှိပေမယ့် ဆေးပေးတာနဲ့ရောဂါနဲ့က ကိုက်ညီမှုမရှိဘူးလေ။ မကိုက်ညီတော့ ဆေးရုံက ဆေးတွေယူပြီး ကုနေရတယ်။ ကျမ အဖေရောဂါလက္ခဏာ မသိတော့ဆေးရုံ၊ ဆေးခန်းတွေသွားပြတာ၊ ဓာတ်မှန်ရိုက်တာတွေ၊ သွေးစစ်တာတွေ၊ သလိပ်စစ်တာ ပိုက်ဆံ ၁ သိန်းလောက်ကုန်တယ်။ အားဆေးတွေလည်း တိုက်ရတယ်။ အခု အားဆေးတွေနဲ့လည်း လိုက်မမှီတော့ တစ်ပတ်မှာ အကြောဆေး၂ခါလောက်ချိတ်ရတယ်။ တစ်ခါချိတ်ရန် ၃ သောင်းခွဲ ကုန်ကျတယ်”ဟု ၎င်းကပြောသည်။

ယင်းအခြေအနေများကြောင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနအနေဖြင့်  နာတာရှည်ရောဂါခံစားနေရသည့် စစ်ဘေးရှောင်များအတွက် ကျန်းမာရေးကူညီစောင့်ရှောက်များကို  ပြုလုပ်ပေးရန် စစ်ဘေးရှောင်များက တောင်းဆိုနေကြသည်။

“နာတာရှည်ရောဂါဖြစ်နေတဲ့သူတွေအတွက် လာပြီး ကျန်းမာရေးဌာနက ကူညီစောင့်ရှောက်မှုပေးတာတော့ လိုအပ်တာပေါ့။ အဲလိုလုပ်ပေးရင်တော့ ပိုကောင်းတာပေါ့။ မိသားစုတွေကလည်း ပိုက်ဆံလိုက်မမှီဘူး။ အဲလိုတော့လုပ်ပေးစေချင်တယ်”ဟု သူကပြောသည်။

မြောက်ဦးမြို့နယ်၊ မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းများတွင်လည်း ယခင်က နာတာရှည်လေဖြတ်ရောဂါသည်များ၊ ကလေး လူကြီးများကို နယ်စည်းမခြားဆရာဝန်များအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုပေးသော်လည်း လက်ရှိတွင် စစ်ကောင်စီမှ သွားလာခွင့်ကန့်သတ်ထားသောကြောင့် စစ်ဘေးရှောင်စခန်း၌ ကျန်းမာရေးအခက်အခဲများ ကြုံတွေ့နေရကြောင်း မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ကိုဝင်းနိုင်က DMG သို့ ပြောသည်။

“အခုကတော့ ကျနော်တို့မှာ နာတာရှည်ရောဂါသည်တွေနဲ့ ကလေး၊ လူကြီးတွေ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး အခက်အခဲကြုံနေရပါတယ်။ အရင်ကဆိုရင် နယ်စည်းမခြားဆရာဝန်များအဖွဲ့က ကျနော်တို့ကို ဆေးဖိုးပေးတယ်။ သောကြာနေ့တိုင်း ဆေးခန်းဖွင့်ပေးတယ်။ အခု အာဏာပိုင် အစိုးရတွေက လူသားချင်းစာနာတဲ့အဖွဲ့အစည်းတွေကို သွားလာခွင့်ရပ်စဲထားတော့ ကျနော်တို့မှာ အခက်အခဲတွေကို ဖြစ်သလိုရင်ဆိုင်နေရပါတယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဆေးဝါးစျေးနှုန်းများမှာလည်း မြင့်တက်နေသည့်အတွက် စစ်ဘေးရှောင်ဒုက္ခသည်များမှာ ဆေးဝါးများဝယ်ယူရန် အခက်အခဲရှိကြောင်းလည်း သိရသည်။

စစ်ဘေးရှောင်များ၏ အခက်အခဲများကိုကူညီဆောင်ရွက်ပေးေနသည့် ကိုအမ်းသားကြီးက “ကျနော်တို့ရခိုင်ပြည်မှာ စစ်ဘေးရှောင်တွေကို နယ်စည်းမခြားဆရာဝန်များအဖွဲ့ ကူညီပေးခဲ့တာတွေကို ကျနော်တို့ အမ်းသားရွာ စစ်ဘေးရှောင်စခန်းမှာ ကိုယ်တိုင်ကျတွေ့လိုက်ပါတယ်။ စစ်ဘေးရှောင်တွေလို့ မဟုတ်ဘူး။ အခြား ဆီးချို ၊သွေးချိုရောဂါသည်တွေကိုလည်း ကုသပေးနေတာကို မြင်ရပါတယ်။ ဒါကြောင့်ဆီးချို၊ သွေးချိုရောဂါသည်တွေအတွက် ကျန်းမာရေးကို သိပ်အထောက်အကူပြုခဲ့ပါတယ်”ဟု ပြောဆိုထားသည်။

စစ်ဘေးရှောင်များမှာ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှုနှှင့် ကူညီထောက်ပံ့မှု နည်းပါးလာမှုအခြေအနေတွင် အကူအညီများပုံမှန်ပေးနေသည့် NGO၊ INGO အဖွဲ့အစည်းများကို ခရီးသွားလာခွင့် ကန့်သတ်ထားခြင်းကြောင်း စစ်ဘေးဒုက္ခသည် ပို၍အခက်ကြုံလာနေကြရခြင်းဖြစ်သည်။

ယင်းကြောင့် လူကြီး၊ လူငယ်များအပြင် နာတာရှည်ရောဂါသည်များအတွက် စစ်ဘေးရှောင်စခန်းများ၌ ကျန်းမာရေးစောင့်ရှောက်မှုများကိုအမြဲတမ်းလိုအပ်ကြောင်း စစ်တွေမြို့၊ အလိုတော်ပြည့် စစ်ဘေးရှောင်စခန်းမှ ဒေါ်သန်းသန်းနုက DMGသို့ ပြောသည်။

“ကျမတို့မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေက အမြဲတမ်းလိုအပ်တယ်။ ဘာလို့လဲဆိုတော့ ကျမတို့မှာ တစ်ခုခုဆိုရင် အားကိုးရာမဲ့နေတဲ့ ဘဝဆိုတော့ အမြဲတမ်း ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ဂရုစိုက်မှုတွေလိုအပ်တယ်”ဟု ၎င်းကပြောသည်။

ရခိုင်နှင့်ပလက်ဝမြို့နယ်တို့တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှုေကြာင့် ဩဂုတ်လမှစတင်ကာ အောက်တိုဘာလ ၁၁ရက်နေ့အထိ စစ်ဘေး‌ရှောင် ၁၆၀၀၀ရှိလာပြီး ယခင်က  စစ်ဘေးရှောင်ဦးရေနှင့်ပေါင်းလျှင် ၉၀၀၀၀ ကျော်အထိရှိခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က အောက်တိုဘာလ ၁၉ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Most read this week

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...