ရခိုင်မှာ အမှိုက်သိမ်းစနစ်အားနည်းမှုကြောင့် ဒေသခံများကျန်းမာရေးထိခိုက်မှုရှိလာ

ရခိုင်မှာ အမှိုက်သိမ်းစနစ်အားနည်းမှုကြောင့် ဒေသခံများကျန်းမာရေးထိခိုက်မှုရှိလာ
စစ်တွေ ဆတ်ရိုးကျကယ်ဆယ်ရေးအကွက် (၂) အမှိုက်ပုံ
စစ်တွေ ဆတ်ရိုးကျကယ်ဆယ်ရေးအကွက် (၂) အမှိုက်ပုံ

ရခိုင်မှာ အမှိုက်သိမ်းစနစ်အားနည်းမှုကြောင့် အမှိုက်ပုံများက ထွက်လာသည့် ဆိုးဝါးသည့် အနံ့အသက်များကြောင့် အနီးအနားနေထိုင်သူများနှင့် လမ်းသွားလမ်းလာ ဒေသခံများ၏ ကျန်းမာရေးကိုထိခိုက်မှုရှိလာနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြို့တော်၊ စစ်တွေမြို့ပေါ်တွင် လည်း အမှိုက်များစနစ်တကျ စွန့်ပစ်၊ သိမ်းဆည်းမှုမရှိ၍ မြို့ပေါ်ရပ်ကွက်များတွင်ပင် အမှိုက်များစုပုံလျက်မြင်မကောင်းအောင်ရှိနေကြောင်း မြို့ခံများက ပြောသည်။

စစ်တွေမြို့ခံတစ်ဦးက" အမှိုက်ပုံတွေကတော့ မြို့ထဲတွေမှာတောင် မြင်မကောင်းအောင် ဖြစ်နေတာတွေရှိတယ်။ ဘီလူးမတံတားအဆင်းနားက အမှိုက်ပုံကြီးဆို ဖြတ်သန်းသွားရင်တောင် နှလုံးနာတယ်။ တခြားရပ်ကွက်တွေမှာလည်းရှိတယ်။ စျေးတွေမှာလည်း ဒီတိုင်းပဲ။ အမှိုက်ပုံးလည်း နေရာတိုင်းမှာမရှိဘူး။ ရှိတဲ့နေရာတွေမှာလည်း လူတွေက စနစ်တကျမပစ်ကြပြန်ဘူး။ သိမ်းဆည်းမှုပိုင်းမှာလည်း ပုံမှန်အမှိုက်မသိမ်းတော့ ပြည့်လျံပြီး အမြင်ဆိုးနေတာပေါ့လေ"ဟု ပြောသည်။

ယင်းအပြင် ရပ်ကွက်ထဲရှိအမှိုက်ပုံများမှ အနံ့ဆိုးများကြောင့် အနီးဝန်းကျင်တွင်နေထိုင်သူများ၏ ကျန်းမာရေးကို ထိခိုက်မှုများလည်း ရှိနေကြောင်း စစ်တွေမြို့၊ ဆက်ရိုးကျကယ်ဆယ်ရေးအကွက်(၂)မှ ဒေသခံတစ်ဦးက ပြောသည်။

"ရပ်ကွက်ကနေလည်း အဲ့ဒီအမှိုက်ကို မရှင်းနိုင်ဘူး။ ဒါပေမယ့် အမှိုက်ပုံကို မပြန့်ကြဲရအောက် အကာအကွယ်လေးတွေတော့ လုပ်ထားပေးတယ်။ အဲ့ဒီအနီးဝန်းကျင်မှာကလည်း အိမ်တွေ အများကြီးရှိတယ်။ အဲ့ဒီအမှိုက်ပုံက အနံ့တွေလည်း အမျိုးမျိုးထွက်တယ်။ အရင်တလောကလည်း အနံ့တွေထွက်ပြီး ဘေးပတ်ဝန်းကျင်က ကလေးတွေ နေမကောင်းဖြစ်ကြပါတယ်။ တစ်ယောက်ပြီး တစ်ယောက်ပဲ"ဟု ပြောသည်။

ယင်းအပြင် ရခိုင့်ရှေးဟောင်းမြို့တော် မြောက်ဦးတွင်လည်း ဆောင်းရာသီ ဘုရားဖူးလာရောက်မှု များပြားလာသည်နှင့်အမျှ အမှိုက်ပိုများလာသည့်အတွက် အမှိုက်များကို စည်ပင်က စနစ်တကျ  သိမ်းဆည်း လုပ်ဆောင်ပေးစေလိုကြောင်း မြောက်ဦးလူငယ်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"အဓိကက ကျနော်တို့ဖြစ်စေချင်တာက အစိုးရဖြစ်တဲ့စည်ပင်ဌာနက ဂေါပကတွေနဲ့ဖြည့်ဆည်းပြီး မြို့နယ်မှာလုပ်ဆောင်စေချင်တာတွေရှိတယ်။ နောက်ပြီး ချောင်းတွေမှာဆိုလည်း ကျနော်တို့ လူမှုအဖွဲ့အစည်းတွေက ကောက်သိမ်းလို့မရတဲ့ အခြေနေတွေအများကြီးရှိတယ်။ ဘတ်ဂျက်လိုင်းတွေနဲ့ ချောင်းတွေ၊ မြောင်းတွေကို အဓိက ဦးစားပေးပြီး အမှိုက်ကင်းအောင် လုပ်စေချင်ပါတယ်"ဟု ပြောသည်။

အမှိုက်ပြဿနာဖြေရှင်းနိုင်ရန် ပြည်သူလူထုအနေနှင့်လည်း စနစ်တကျအမှိုက်စွန့်ပစ်ရန်လိုအပ်ပြီး စွန့်ပစ်အမှိုက်များကိုလည်း  တာဝန်ရှိသူများက စနစ်တကျသိမ်းဆည်းရန် လိုအပ်ကြောင့် ၎င်းက ဆက်ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာနရုံးဖုန်း နှင့် တာဝန်ရှိသူများအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

ယင်းအပြင် ရခိုင်မှ တခြားမြို့များတွင်လည်း မြို့ပေါ်သာမက နယ်အထိ အမှိုက်ပြဿနာကို ရင်ဆိုင်နေရပြီး သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများ၏ ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်စေ၍ အသိပညာပေးမှုနှင့် အမှိုက်များစနစ်တကျသိမ်းဆည်းပေးရန် လုပ်ဆောင်သင့်ကြောင့် ဒေသခံများက ပြောသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...