စစ်ကောင်စီနှင့် တွေ့ဆုံရန် NCA လက်မှတ်ထိုး EAOs ၇ ဖွဲ့၏ အဆိုပြု ကြိုးပမ်းချက် မအောင်မြင်

စစ်ကောင်စီနှင့် တွေ့ဆုံရန် NCA လက်မှတ်ထိုး EAOs ၇ ဖွဲ့၏ အဆိုပြု ကြိုးပမ်းချက် မအောင်မြင်
NSPNC နှင့် EAOs ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့စဥ် (ပုံဟောင်း)
NSPNC နှင့် EAOs ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့စဥ် (ပုံဟောင်း)

စစ်ကောင်စီက ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် တွေ့ဆုံဆွေးနွေးရန် NCAလက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAOs) ၇ ဖွဲ့၏ အဆိုပြုမှု ကြိုးပမ်းချက်ကို စစ်ကောင်စီက လက်မခံကြောင်း သိရသည်။

EAOs ၇ ဖွဲ့မှ ဒီဇင်ဘာ ၇ ရက် ရက်စွဲဖြင် NSPNC ထံ အလွတ်သဘော တွေ့ဆုံရန် အဆိုပြုခဲ့သော်လည်း NSPNC တွေ့ဆုံရန် အဆင်သင့် မဖြစ်သေးဟု အကြောင်းပြန်ခဲ့ကြောင်း ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

“ကျနော်သိရသလောက်တော့ ၈ ရက်နေ့မှာပဲ သူတို့ရဲ့ သဘောထား ပြန်ကြားလာတာရှိတယ်၊ အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ အကြောင်းပေါ့၊ တွေ့ဆုံဆွေးနွေးဖို့ ဆိုတာက။ ကျနော်တို့ကတော့ ကိုယ့်ရဲ့အဆိုပြုစာကတော့ ဘယ်နေ့ဘယ်ရက်မှာ ဘယ်နေရာမှာ တွေ့ဆုံလိုတယ်၊ နောက်တစ်ကြိမ် ကြရင် ဘယ်နေ့ဘယ်ရက်မှာ တွေ့ဆုံလိုတယ်၊ စာထဲမှာ တွေ့ရတဲ့အတိုင်းပဲ ကျနော်တို့ရဲ့ ညှိနှိုင်းစာ၊ အဆိုပြုစာပဲ ဖြစ်ပါတယ်၊ ကျနော်တို့ဖက်က လုပ်ဆောင်နေတဲ့ အစီအစဉ်ကို စတင်ပြီးတော့ အဆိုပြုတာ ဖြစ်ပါတယ်၊ သို့သော်လည်းပဲ အဲဒီအဆိုပြုချက် အပေါ်မှာ ပေါ့လေ၊ NSPNC ဘက်ကတော့ လောလောဆယ်ကတော့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့် မဖြစ်ဘူး။ ကျနော်တို့ အဆိုပြုတဲ့ ရက်တွေမှာပဲ ကျနော်တို့ တွေ့ဆုံနိုင်ခြင်း၊ ဆွေးနွေးနိုင်ခြင်း လော လောဆယ်ကတော့ မရှိသေးပါဘူး ဆိုတာကို‌တော့ အဲဒီလိုပဲ ပြောချင်ပါတယ်” ဟု ပြော သည်။

တွေ့ဆုံဆွေးနွေးမှုကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နှစ်ဖက် ကိုယ်စားလှယ် အနည်းငယ်ဖြင့် စတင်တွေ့ဆုံရန်၊ ထို့နောက် ဒီဇင်ဘာ ၁၅-၁၇ ရက်နေ့တွင် တောင်ကြီး (သို့မဟုတ်) မော်လမြိုင်တွင် တွေ့ဆုံရန်၊ ဒီဇင်ဘာ ၂၀-၂၁ ရက်တွင် ရန်ကုန်တွင် တရားဝင် ဆွေးနွေးမှုများ ကျၚ်းပရန် အဆိုပြုခဲ့ခြင်း ဖြစ်သည်။

လက်ရှိ စစ်ရေးအရှိန် ပြင်းထန်နေသည့် ကာလတွင် ဆွေးနွေး၍ အကျိုးမရှိနိုင်သည့်အတွက် ငြင်းပယ်ခြင်း ဖြစ်နိုင်ကြောင်း နိူင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“စစ်ရေးအရှိန်အဟုတ် ပြင်းထန်နေတဲ့ အချိန်မှာ သူတို့နဲ့ ဆွေးနွေးနေလို့လည်း အကျိုးမရှိပါဘူး။ ဒါက သူတို့ ငြင်းပယ်တဲ့ ဖြစ်နိုင်ချေ အချက်တချက်ပါ၊ နောက်တစ်ခုကတော့ ဒီအဖွဲ့တွေကို သူတို့ ဘယ်မှာ သုံးမှာလည်းဆိုတော့ လာမယ့်ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပမယ့် ကျင်းပတဲ့ အခါကြရင် သုံးမယ်၊ အဲဒီတော့ အဲဒီလို ဒီမိုကရေစီရွေးကောက်ပွဲကျင်းပဖို့အတွက် အခြေအနေ အချက်အလက် မပြည့်စုံသေးဘူးပေါ့ဗျာ၊ မပြည့်စုံသေးတဲ့အချိန်မှာ သူတို့နဲ့ ဆွေးနွေးတာတွေကို ခဏရပ်ထားမှာပေါ့၊ သူတို့ လိုအပ်လာတဲ့အခါမှ သူတို့ ဒီအဖွဲ့တွေကို ခေါ်ဆွေးနွေးမှာပါ” ဟု ပြောသည်။

EAOs ၇ ဖွဲ့၏ အဆိုပြုချက်ကို မည်သည့်အတွက် လက်မခံသည်ကို မသိရှိကြောင်း၊ မိမိတို့ အဖွဲ့အစည်းအနေဖြင့် လက်ရှိမှာ စစ်ကောင်စီနှင့် ဆွေးနွေးမှာ မဟုတ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်အေးလွင်က ပြောသည်။

“ABSDF ရဲ့ ရပ်တည်ချက်က လောလောဆယ် အခြေအနေမှာ ကျနော်တို့ စစ်အာဏာရှင်၊ စစ်အုပ်စုတွေနဲ့ တွေ့ဆုံဆွေးနွေးစရာ အကြောင်းမရှိသေးဘူး။ ဒါက ကျနော်တို့ ရပ်တည်ချက်ကို ပြောထားတာပဲလေနော်” ဟု ပြောသည်။

နှစ်ဖက် အဖွဲ့အစည်း အနေဖြင့် ညှိနှိုင်းသဘောတူညီချက်များ ရရှိရေး အလွတ်သဘော တွေ့ဆုံရန် အဆိုပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ၂ နှစ်နီးပါး လူထုများ ကြုံတွေ့နေရသည့် အကျပ်အတည်းများကို ဖြေလျော့နိုင်ရေး ကြိုးပမ်းချက် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

NSPNCနှင့် တွေ့ဆုံရန် အဆိုပြုခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ဖြစ်ကြသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ် ရေးထိုးထားသည့် အဖွဲ့အစည်းများဖြစ်ပြီး စစ်ကောင်စီနှင့် တစ်ဖွဲ့ချင်းအလိုက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားသည်။

Most read this week

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...