တိုက်ပွဲကြောင့် နမ့်ဆန်မြို့နယ်မှ သက်ကြီးရွယ်အိုတချို့ ပိတ်မိနေပြီး စစ်ဘေးရှောင် ၁,၀၀၀ ကျော်အထိရှိလာ

တိုက်ပွဲကြောင့် နမ့်ဆန်မြို့နယ်မှ သက်ကြီးရွယ်အိုတချို့ ပိတ်မိနေပြီး စစ်ဘေးရှောင် ၁,၀၀၀ ကျော်အထိရှိလာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့၊ ကုန်းသာကျေးရွာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်-TNLA နှင့် စစ်ကောင်စီတို့ ဒီဇင်ဘာလ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ထိုဒေသရှိ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရပြီး ထွက်မပြေးနိုင်သည့် ကုန်းသာရွာဒေသခံ သက်ကြီးရွယ်အိုများရွာထဲတွင် ပိတ်မိနေကြောင်း နီးစပ်သူ ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက“မန်တုံဘက်ကနေလည်း လက်နက်ကြီးနဲ့ထုနေတယ်ကြားတယ်။ နမ့်ဆန် တက်တဲ့ ဘက်ရော နမ္မတူသွားတဲ့ဘက်မှာရော ဗမာစစ်တပ်ကပိတ်နေတော့ ကုန်းသာရွာက ရွာခံတွေ ဖြတ်လာ လို့မရဘူး။ ဖြတ်လမ်းကနေ တောလမ်းနဲ့သွားဖို့ကလည်း လမ်းကြိုလမ်းကြားမှာ ဗမာစစ်တပ်က မိုင်းတွေ ထောင်ထားတယ်တဲ့။ ကုန်းကြောင်းနဲ့သွားဖို့ကို ကုန်းသာရွာက သက်ကြီးရွယ်အိုတွေက လမ်းမ လျှောက်နိုင်ကြတော့ အဲ့ရွာနားက တောထဲမှာပဲ ပိတ်မိနေကြတယ်။” ဟု ကေအိုင်စီသို့ပြောသည်။

တိုက်ပွဲကြောင့် ကုန်းသာကျေးရွာနှင့် အနီးအနားရွာများဖြစ်သည့် မန်လုံး၊ ဟူးမန်းကျေးရွာများမှ ဒေသခံ တစ်ထောင်ကျော် နမ့်ဆန်မြို့ပေါ်ရှိ ဇယန်းကြီးဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်နေ ရပြီး ရာသီဥတု အေးလွန်းသဖြင့် အဝတ်အထည်များ လိုအပ်နေကြောင်းလည်း ဇယန်းကြီးကျောင်းတိုက် ဆရာတော်တစ်ပါးက ယခုလိုမိန့်ကြားသည်။

“ဦးဇင်းတို့ (၁၃)ရက်နေ့အထိ ရရှိထားတဲ့စာရင်းအရ ကျောင်းမှာခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူဦးရေ (၁,၃၈၆) ယောက်ရှိပါတယ်။ လောလောဆယ် ရပ်နီးရပ်ဝေးက အလှူရှင်တွေက စားဖို့သောက်ဖို့နဲ့ခြုံ စောင်တွေ၊ အဝတ်အထည်တွေ၊ အိပ်ရာလိပ်တွေ လှူကြတာရှိပါတယ်။ စားစရာကမပူရပေမယ့် လူဦးရေ များတော့ အဝတ်အထည်နဲ့ အိပ်ရာခင်းတွေ လိုအပ်နေပါသေးတယ်”ဟု ကေအိုင်စီသို့ မိန့်ကြားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၇)ရက်နေ့က နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာ၊ ဟူးမန်းကျေးရွာနှင့် ပန်းအလောက် ကျေးရွာတို့တွင် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်(၅)စီးဖြင့် လူလာချရာ TNLA တပ်ဖွဲ့များရှိနေသည့် ကုန်းသာ ကျေးရွာတည့်တည့်တွင် ချမိသည့်အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PSLF/TNLA) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။

ထို့နောက် ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ဆက်ပြောသည်။

၎င်းက “တိုက်ပွဲဖြစ်တဲ့ ကုန်းသာရွာမှာတော့ တစ်ရွာလုံး ကျည်မမှန်တဲ့အိမ်မရှိဘူး။ နေအိမ် (၅)လုံးမီးလောင်ပြီး ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားတယ်။ ဗမာစစ်တပ်ဘက်က မီးရှို့တာလို့တော့ ကုန်းသာရွာဒေသခံဆီက သတင်းရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

TNLA နှင့် စစ်တပ်တို့အကြား အချိန်အတန်အကြာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ရပ်တန့်နေရာမှ ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်ကာ တိုက်ပွဲများပြန်လည် ဖြစ်ပွားခဲ့ပြီး လက်ရှိ အချိန်အထိ နှစ်ဖက် စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...