မြဝတီအမှတ် (၂) တံတားပေါ်တွင် လာဘ်ငွေယူ လူပိုတင်ဆောင်သွားလာနေကြောင်း လူပြောများလာ၍ လူတင်ဆောင်သွားလာခွင့်ပိတ်

မြဝတီအမှတ် (၂) တံတားပေါ်တွင် လာဘ်ငွေယူ လူပိုတင်ဆောင်သွားလာနေကြောင်း လူပြောများလာ၍ လူတင်ဆောင်သွားလာခွင့်ပိတ်

ထိုင်း-မြန်မာ နယ်စပ်ရှိ မြ၀တီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားပေါ် ဖြတ်သန်းသွားလာရာတွင် မြန်မာ ဘက်ခြမ်းမှ တံတားတာ၀န်ရှိသူများက လာဘ်ငွေယူ၍ လူပိုတင်ဆောင်သွားလာခွင့်ပေးနေကြောင်း လူပြောများ လာသဖြင့် တံတားအပေါ် လူတင်ဆောင်ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်ပိတ်ပင်လိုက်ကြောင်း မြ၀တီ -မဲ ဆောက်ကုန်စည်သယ်ဆောင်သည့် ယာဉ်မောင်းများက ပြောသည်။

အဆိုပါ အမှတ် (၂) ချစ်ကြည်ရေးတံတားကို ပြီးခဲ့သည့် အောင်တိုဘာလ (၅)ရက်နေ့က နှစ်နိုင်ငံ တာဝန်ရှိသူများ ညှိနှိုင်းမှုဖြင့် ကုန်တင်ကားများကို စတင်သွား လာခွင့်ပြုလိုက်လိုက်ခြင်းဖြစ်သည်။

ထိုသို့ သွားလာရာတွင် ကုန်ကားတစ်စီးလျှင် ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးသာ ခွင့်ပြုထား သော်လည်း မြန်မာဘက်ခြမ်းမှ အိမ်စီးကားများကို အခကြေး ငွေယူ၍ သွားလာခွင့်ပေးနေကြောင်း ဝေဖန်သံများ ထွက်လာပြီးနောက် သင်္ဃန်းညီနောင် အခြေစိုက်စစ်ကောင်စီ ဗျူဟာမှူးက ၎င်းလူတင်ဆောင်သွားလာခွင့်ကို ကန့် သတ် ပိတ်ပင်တားမြစ်လိုက်ခြင်းဖြစ်သည်ဟု ကုန်တင်ကားယာဉ်မောင်းတစ်ဦးက ပြောသည်။

၎င်းက “တံတား ၂ က ထိုင်း-မြန်မာညှိပြီးခွင့်ပြုတာက ကုန်ကားတစ်စီးကို ယာဉ်မောင်းတစ်ယောက်၊ စပယ် ယာတစ်ယောက်ပဲ သွားလာခွင့်ပြုတာပါ။ အဲ့ဒါကို တံတား ၂ မြန်မာဘက်အခြမ်းက ၀န်ထမ်းတွေက အိမ်စီး ကား တွေမှာ VIP သွားလာခွင့် ပုံစံမျိုး ခွင့်ပြုပေးပြီး တစ်စီးစာကို မြန်မာငွေ ၆ သိန်းတောင်းပြီး မဲဆောက်ထဲ၀င် လည်ပတ်ခွင့် ကားတစ်စီးစာလုပ်ပေးနေတာ လုပ်စားနေတာတွေ တော်တော်လူပြောများလာတော့ ဗျူဟာက ဗျူဟာမှူးက အခုအဲ့လိုလုပ်စားနေတာတွေကို ပိတ်လိုက်တယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှုအတွက် ကုန်စည်စီးဆင်းမှုကို အမှတ် ၂ ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းကုန်စည်များ၊ စက်ပစ္စည်းများ၊ အိမ်ဆောက် ပစ္စည်းများသာခွင့်ပြုပေးထားသည်။

သို့သော်လည်း ခရီးသွားလည်ပတ်လိုသူ မြန်မာပြည်သားများအား မြန်မာဘက်ခြမ်းမှ တံတားတာ၀န်ရှိသူများက ကုန်စည်တင်သွင်းခွင့်အပြင် လူသွားလာခွင့်များအပေါ်  လာဘ်ငွေယူ၍ ခွင့်ပြုပေးနေခြင်းကြောင့် အမှတ် (၂) တံတား တာ၀န်ကျ၀န်ထမ်းများမှာ ၀င်ငွေကောင်းနေကြကြောင်း မြ၀တီ ဒေသခံများက ဝေဖန်ပြောဆို နေကြခြင်းဖြစ်သည်။

မြဝတီမြို့ခံတစ်ဦးက “ အခုက တံတား၀န်ထမ်းတွေက ခေတ်ပျက်ချိန် ပိုက်ဆံအရှာ ကောင်းနေကြတယ်။ ကုန်စည်တွေ ကြိုက်တာ သွင်းခွင့်ပြုတယ်။ တံတားဖြတ်သယ်ခွင့်ပေးတယ်၊ ကျနော်တို့လို မြ၀တီမြို့ခံကျတော့ မဲဆောက်သွားဖို့ လက်မှတ်လုပ်ထားတာ ၂ နှစ်စာတောင် ကြာပြီး တရား၀င်သွားခွင့် မရဘူးသေးဘူး။ ”ဟု ကေအိုင်စီသို့ ပြောသည်။

 “အခုခရီးသွားလုပ်ငန်းလုပ်တဲ့ ကားသမားတွေက ကာစတန် (အကောက်အခွန်ဌာန )နဲ့ လ၀က ကို ၆ သိန်းပေးရင်တော့ အာရာဖတ် အိမ်စီးကား နဲ့ တစ်စီးစာ မဲဆောက်လည်ခွင့် စျေး၀ယ်ခွင့် ရနေကြတယ်ဆိုတော့ တစ်နေ့ တစ်နေ့ ဘယ်လောက်တောင် ၀င်ငွေ ကောင်းနေကြမလဲ စဉ်းစားကြည့်ပေါ့။” ဟု ၎င်းမြို့ခံက ဆက်လက်၍ ပြောသည်။

ထို့အတူ စစ်ကောင်စီမှကန့်သတ်တင်သွင်းကုန်များ၊ မြန်မာပြည်တွင်း တင်သွင်းခွင့် ပိတ်ပင်ထားသည့် ကုန်ပစ္စည်း များ၊ စားသောက်ကုန်များအား မြ၀တီ-မဲဆောက် သောင်ရင်းမြစ်ဘေးရှိ ကရင်နယ်ခြားစောင့်တပ်-BGF ဂိတ်များမှ တရားမ၀င်ကမ်းကူး သယ်ဆောင်တင်သွင်းမှုများရှိသည်။

၎င်းအပြင် မြန်မာပြည်တွင်း မြို့ရွာများသို့ တင်သွင်းဖြန့်ဖြူးနေသည့် လမ်းကြောင်းမှလည်း ပြည်နယ်ချင်းဆက်လမ်းမကြီးများတွင်ရှိသော စစ်ဆေးရေးဂိတ်တာ၀န်ကျနေသည့် စစ်ကောင်စီ၀န်ထမ်းများက အလားတူ လာဘ်ငွေများရယူကာ ၀င်ငွေကောင်းနေကြကြောင်းလည်း နယ်စပ်ကုန်သည်များက ပြောသည်။

လက်ရှိ ထိုင်း-မြန်မာနယ်စပ် အမှတ် (၁) ချစ်ကြည်ရေးတံတားအား ပြန်လည် ဖွင့်လှစ်နိုင်ရန် နှစ်ဖက် တာဝန်ရှိသူများအစည်းအဝေးများပြုလုပ်နေသလို မြေပြင်တွင်လည်း တံတားထိပ်ရှိ ရုံးအဆောက်အအုံများ ပြန်လည်ပြင်ဆင်မွမ်းမံမှုများ လုပ်ဆောင်နေကြောင်း မြို့ခံများထံမှ သိရသော်လည်း နှစ်ဖက်သွားလာခွင့်နှင့်ပတ်သက်ပြီး  နှစ်နိုင်ငံနယ်ခြားကော်မတီဘက်က တရားဝင် ထုတ်ပြန်ခြင်းမျိုး မတွေ့ရ သေးပေ။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...