တာ့ခ်ခရိုင်ရှိ ရွှေ့ပြောင်းကျောင်းသားများကို ပရော်ဖက်ရှင်နယ်ကွန်ရက်များ ဖန်တီးနိုင်ရန် ဆွေးနွေးဖလှယ်မှုပြုလုပ်ခဲ့

တာ့ခ်ခရိုင်ရှိ ရွှေ့ပြောင်းကျောင်းသားများကို ပရော်ဖက်ရှင်နယ်ကွန်ရက်များ ဖန်တီးနိုင်ရန် ဆွေးနွေးဖလှယ်မှုပြုလုပ်ခဲ့

မြန်မာရွှေ့ပြောင်းကျောင်းသူ၊ ကျောင်းသားများကို မတူညီသည့် အလုပ်အကိုင်များနှင့် ပရော်ဖက်ရှင်နယ်ကွန်ရက်များ ရှာဖွေဖန်တီးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နယ်ပယ်အသီး သီးတွင် အောင်မြင်မှုရရှိထားသူများမှ အတွေ့အကြုံဝေမျှဖလှယ်ပေးသည့် အစီအစဉ်ကို ယမန်နေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် ပြုလုပ်ခဲ့ သည်။

(Cotton on Foundation )က ဦးဆောင်ပြီး ပထမဆုံးအကြိမ် ထိုင်းပညာရေး တာဝန်ရှိသူ များနှင့်အတူ ကျင်းပပြုလုပ်သည့် ၎င်းအစီအစဉ်တွင် တာ့ခ်ခရိုင်အတွင်းရှိ ရွှေ့ပြောင်း ကျောင်းများမှ ကျောင်းသူ၊ ကျောင်းသားများ လက်ရှိနေထိုင်သည့် နေရာများတွင် အလုပ် အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေရရှိအောင် လုပ်ဆောင်ပုံများနှင့် အောင်မြင်နေသူများ ၏ အတွေ့အကြုံများကိုလည်း ဆွေးနွေးဖလှယ်ပေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု (Cotton on Foundation) ၏ ညွှန်ကြားရေးမှူးနော်ဂေဖိုက ယခုလိုပြောသည်။

“ရွှေ့ပြောင်းကျောင်းသားအများစုက သူတို့ရှေ့ရေးအတွက် အရမ်းစိုးရိမ်မှုတွေရှိတယ်။ ဒီတော့ ကျမတို့က သူတို့ကို ဒီလိုမျိုးရွေးချယ်စရာ လမ်းတွေအများကြီး ရှိသေးတယ် ပေါ့နော်။ ဒါကြောင့် ဒီဒေသမှာ အောင်မြင်နေတဲ့ သူတွေရဲ့အတွေ့အကြုံတွေကို ကျောင်းသူကျောင်းသားတွေသိအောင် လာရောက်ခိုင်းတာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဆွေးနွေးဖလှယ်မှုများတွင် ထိုင်းပညာရေးဌာနတာဝန်ရှိသူများက အားပေး စကားပြောကြားခြင်း၊ ကရင်လုပ်ငန်းရှင်များအနေဖြင့်် ၎င်းတို့၏အတွေ့အကြုံများဝေ မျှပေးခြင်း၊ မတူညီသည့်အလုပ်အကိုင်များကို သွားရောက်လေ့လာကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့လုပ်ငန်းနှင့်ပတ်သက်၍ တက်ရောက်လာသည့် ကျောင်းသူ ကျောင်းသား ၃၀၀ ခန့်ကို ဆွေးနွေးရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။

ယခုလို ပြုလုပ်ပေးခြင်းကြောင့် မြန်မာရွှေ့ပြောင်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသား များအတွက် အောင်မြင်မှုနည်းလမ်းကောင်းများအတွက် စိတ်ခွန်အားများ အသိပညာ ဗဟုသုတအကျိုးကျေးဇူးများရရှိစေကြောင်း ပွဲကိုပါဝင်တက်ရောက်သူ နော်အယ်ဆဲထီစိုး က ပြောသည်။

“ဒီပွဲမှာ ကျမသိသွားတာက ဒီအောင်မြင်နေတဲ့သူတွေက အခက်အခဲမျိုးစုံကို ကျော်ဖြတ် ပြီးတော့ ဖြတ်သန်းလာကြတဲ့လူတွေပဲဆိုတာ သိလိုက်ရတယ်။ ဒီပွဲကနေ ကျမကို ခွန်အား ဖြစ်စေတာက ကျမအလုပ်တစ်ခုခုလုပ်တော့မယ်ဆိုရင် ဆုံးရှုံးမှုပေးဆပ်မှုတွေကြုံရတဲ့ အချိန်မှာ အရှုံးမပေးပဲနဲ့ ရှေ့ဆက်ပြီး စိတ်ဓာတ်ပြင်းထန်စွာနဲ့ ကြိုးစားဖို့ ကျမအတွက် ခွန်အားဖြစ်စေပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ၎င်းအခမ်းအနားကို Cotton On Foundation နှင့်အတူ ဆာသူးလေကျောင်း ဖောင်ဒေးရှင်း၊ Suwannimit Foundation၊ ထိုင်း-မြန်မာနယ်စပ်ရှိ Picture Book, Kickstart art, Lush Life, Thabyaw ,Hebron, Play Onside , Mae Tao Clinic, LCCI Account CPI, Sunday Morning Café and Klee Po Shop စသည့် အဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ငန်းရှင်တို့လည်း ပူးပေါင်းပါဝင်တက်ရောက်ခဲ့ကြသည်။

သြစတြေးလျားနိုင်ငံ အခြေစိုက်အဖွဲ့တစ်ခုဖြစ်ဖြစ်သည့် (Cotton on Foundation) သည် လက်ရှိတွင် ထိုင်းနိုင်ငံတွင်ရှိသည့် ရွှေ့ပြောင်း ကျောင်းများဖြစ်ကြသော ဘွဲကလားကျောင်းနှင့် ဆာသူးလေအထက်တန်းကျောင်းလည်ပတ်နိုင်ရန် အဓိက ကူညီထောက်ပံ့ပေးသည့် အဖွဲ့တစ်ခုဖြစ်သလို ထိုင်းနိုင်ငံ ကောလိပ်ကျောင်းများ တွင်လည်း ပညာတော်သင်သွားနေသည့် ရွှေ့ပြောင်းကျောင်းသူ၊ ကျောင်းသားများကို လည်း ထောက်ပံ့ကူညီပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...