အာဏာသိမ်းမှုမှာ ဖမ်းဆီးခံရတဲ့အမျိုးသမီး ၂၆၀၀ ကျော်အထိရှိလာ

အာဏာသိမ်းမှုမှာ ဖမ်းဆီးခံရတဲ့အမျိုးသမီး ၂၆၀၀ ကျော်အထိရှိလာ

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါးတာကာလအတွင်း မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၆၃၀၀ ထဲမှာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၆၀၀ ကျော်ပါဝင်နေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က ထုတ်ပြန်ပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ဒီဇင်ဘာ ၅ ရက်ကနေ ၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၁၁ ကြိမ်မြောက်ညီလာခံအပြီး နိုင်ငံရေးကြေညာစာတမ်းမှာ အာဏာသိမ်းပြီးနောက် အမျိုးသမီးဖမ်းဆီးခံရမှု အခြေအနေအပေါ် ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။

အဲဒီနိုင်ငံရေးကြေညာစာတမ်းမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးပြုနေတဲ့ လုပ်ရပ်တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေး ကာကွယ်သူတွေကို ပစ်မှတ်ထား ဖမ်းဆီး၊နှိပ်စက်၊ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေဟာ နိုင်ငံတကာလူ့ အခွင့်အရေးစံနှုန်းတွေနဲ့ လုံးဝဆန့်ကျင်နေတယ်လို့ ဆိုထားပါတယ်။

ဒီလိုအမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့လူ့အခွင့်အရေးတွေကို ခြိမ်းခြောက်ရုံတင်မကဘဲနဲ့ အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို လုံးဝခြိမ်းခြောက်နေတာဖြစ်တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကဆိုပါတယ်။

ဒါကြောင့် စစ်ရာဇာဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတဲ့ စစ်တပ်အသိုင်းအဝိုင်းကို နိုင်ငံတကာ ဥပဒေတွေနဲ့ အရေးယူဖို့လိုအပ်နေပြီလို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အထွေထွေအတွင်းရေးမှူးနန်းမို့မို့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ICC လိုဟာမျိုးနေရာတွေမှာ ပို့ဆောင်နိုင်ဖို့ အားသွန်ခွန်စိုက်လုပ်ဆောင်ဖို့လိုမယ်လို့ မြင်တယ်။ ပြီးလို့ ရှိရင် အခုကတော်လှန်ရေးကာလမို့ အသွင်ကူးပြောင်းရေးကာလတွေ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်တဲ့ကာလတွေမှာ ပြည်တွင်းဥပဒေကလည်း ဒီလိုမျိုး ကျုးလွန်နေတဲ့သူတွေကို အပြစ်ပေးနိုင်တဲ့ ဥပဒေတွေ ပေါ်ထွက်လာအောင် ဒီအချိန်ကတည်းကလုပ် ဆောင်ဖို့လိုတယ်လို့ မြင်တယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနဲ့ပတ်သက်ပြီး ပြည်တွင်းဥပဒေအနေနဲ့ ကျူးလွန်သူတွေကို ထိထိရောက်ရောက်အပြစ်ပေးနိုင်ဖို့ ကျူးလွန်ခံရသူတွေရဲ့ တရားမျှတမှုကို ဖော်ဆောင်နိုင်ဖို့ ဘယ်လို ဥပဒေ၊ မူဝါဒတွေ ပြဌာန်းမယ်ဆိုတာ ဒီအချိန်မှာ ကြိုတင်ပြင်ဆင်ထားဖို့ အများကြီးလိုတယ်လို့ နန်းမို့မို့က ဆက်ပြောပါတယ်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှကို အမြစ်ဖြတ်တိုက်ဖျက်ပြီး ဒီမိုကရေစီရေး၊တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံချက်ပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဌာန်းနိုင်မှသာ ခိုင်မာတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်နိုင်မယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်က ယုံကြည်ထားပါတယ်။

တစ်ဖက်မှာလည်း စိန်ခေါ်မှုတွေနဲ့ ဖိနှိပ်မှုများစွာရှိပေမယ့် အမျိုးသမီးထုဟာ အာဏာရှင်အလုံးစုံ ဆန့် ကျင်ရေးမှာ အမျိုးသမီးသပိတ်အင်အားစုတွေ၊ အမျိုးသမီးပြောက်ကျားတပ်ဖွဲ့တွေ၊ အမျိုးသမီးရဲဘော်တွေနဲ့ ထောက်ပို့တွေအဖြစ်စတဲ့ ကဏ္ဍတွေမှာ ဆက်လက်တော်လှန် တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ်

September 19, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော...
September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...