မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့် အသက်မပြည့်သေးသည့် ကလေးငယ်များ အပါအဝင် ဒေသခံ ၆ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်း၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စက်တင်ဘာ ၁၃ ရက်နေ့၊ ညနေ ၄ နာရီ မိနစ် ၄၀ တွင် မင်းတုန်းမြို့နယ်၊ ဇွန်းကျကျေးရွာကို သရက်မြို့ အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၂) မှ တက်လာသည့် ပါရာမော်တာ ၃ စီးဖြင့် ဗုံး ၈ လုံး ကြဲချကာ လာရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သရက်ခရိုင် အမှတ် (၄) တပ်ရင်း၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က “လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ မင်းတုန်းအနောက်ခြမ်းက ဇွန်းကျကျေးရွာနဲ့ဝေးပါတယ်။ အဲဒီတော့ တိုက်ပွဲမရှိဘူး။ စစ်ကြောင်းမရှိဘူး။ စစ်ရေး ဖော်ဆောင်တာတွေလည်း မရှိဘဲနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်သွားတာပါ” ဟု ပြောသည်။
မင်းတုန်းမြို့နယ် အနောက်ခြမ်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ ပြောင်းကျေးရွာအနီး၌ ဖြစ်ပွားနေခြင်း ဖြစ်ပြီး စစ်အုပ်စု၏ စစ်ကြောင်းများသည်လည်း ဇွန်းကျကျေးရွာအနီးတွင် ရှိမနေကြောင်း ဆိုသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇွန်းကျကျေးရွာတွင် နေထိုင်သည့် ဒေါ်ပစာ (၇၀ နှစ်)၊ မခင်ဝေဇင်မိုး (၁၇ နှစ်)၊ မနွယ်နွယ်ဝင်း (၂၅ နှစ်)၊ မထက်သဇင်လှိုင် (၁၁ နှစ်)၊ မငုဝါလှိုင် (၁၀ နှစ်) နှင့် မောင်ကောင်းထက်ကျော် (၁၅ နှစ်) တို့ စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရသည်။
ထို့ပြင် ဒေါ်မာလာ (၂၃ နှစ်)၊ မောင်မင်းထက်ဦး (၁၃ နှစ်)၊ မောင်ချစ်မဝ (၁၀ နှစ်)၊ မမြမှူးမေ (၁၄ နှစ်) နှင့် မသင်းသင်းလှိုင် (၁၆ နှစ်) တို့လည်း ဒဏ်ရာများ ရရှိခဲ့ကြသည်။
စစ်အုပ်စုတပ်သည် ပြည်သူများ နေထိုင်ရာ ကျေးရွာများဘက်သို့ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်နေသဖြင့် ဒေသခံများအနေဖြင့် သတိထား နေထိုင်ကြရန်လည်း သရက်ခရိုင် အမှတ် (၄) တပ်ရင်းက တိုက်တွန်းထားသည်။
အင်အား ၁,၀၀၀ ကျော် ပါဝင်သည့် စစ်အုပ်စု၏ စစ်ကြောင်းများသည် မင်းတုန်းမြို့နယ်နှင့် ရခိုင်ရိုးမအစပ်၌ ဒုတိယအကြိမ် နယ်မြေစိုးမိုးမှုရရှိရန် ကြိုးပမ်းနေသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိပြီး ရခိုင်ရိုးမအစပ်မှ ကျေးရွာသားများမှာလည်း ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရဆဲ ဖြစ်သည်။







