စစ်ကောင်စီတပ်၏ ရှမ်းမြောက်ပိုင်း TNLA ထိုးစစ်ကို AAအပါအဝင် ပူးပေါင်းတပ်တို့ ခုခံတိုက်ခိုက်နေ

စစ်ကောင်စီတပ်၏ ရှမ်းမြောက်ပိုင်း TNLA ထိုးစစ်ကို AAအပါအဝင် ပူးပေါင်းတပ်တို့ ခုခံတိုက်ခိုက်နေ

စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းတပ်မတော် (TNLA) ကို ကြည်းကြောင်း၊ လေကြောင်းတို့မှ ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်နေရာ ရက္ခိုင့်တပ်တော်(AA)နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည် ခုခံတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။“အဲဒီ TNLA နယ်မြေမှာ ရက္ခိုင့်တပ်တော်နဲ့ TNLA ပူးပေါင်းတပ်ဖွဲ့တွေရှိတယ်။ ဒီတပ်ဖွဲ့တွေကို ဒီဇင်ဘာ ၇ ရက် ညနေ ၃ နာရီကတည်းက စစ်ကောင်စီက လေယာဉ်တွေ ရဟတ်ယာဉ် အကူအညီတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။ ဒါကြောင့် ရက္ခိုင့်တပ်တော်အေအေကလည်း ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ အတူ ပြန်လည်ခုခံတိုက်နေတာဖြစ်ပါတယ်”ဟု အေအေနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

စစ်ကောင်စီတပ်က ဒီဇင်ဘာ ၇ ရက် နေ့လယ် ၃ နာရီမှစကာ လေကြောင်းပစ်ကူများနှင့်ပါ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိဒီဇင်ဘာ (၉) ရက် နံနက်ပိုင်းအထိ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကြောင်း ၎င်းသတင်းရင်းမြစ်က ပြောဆိုသည်။

" MI-35 တွေနဲ့ ရော ဂျက်တွေနဲ့ လည်း  TNLA ကို သူတို့ ဆက်တိုက်ထိုးစစ်ဆင်နေတာတွေ ရှိတယ်။ ရက္ခိုင့်တပ်တော်ကလည်း ညီနောင်မဟာမိတ်တွေဖြစ်တဲ့  တအာင်းတပ်မတော် TNLA ပူးပေါင်းပြီး တိုက်ပွဲဝင်နေတယ်။ တိုက်ပွဲကတော့ ပြင်းထန်နေဆဲဖြစ်ပါတယ်” ဟု ပြောသည်။ယခုတိုက်ပွဲဖြစ်ပွားနေသည့် နေရာသည် ရှမ်းမြောက် တအာင်းဒေသ၊  နမ့်ဆန်မြို့နယ်အတွင်းဖြစ်ပြီး မန်တုံနှင့် နမ့်ဆန်ရှိ စစ်စခန်းတပ်ကုန်းများက စစ်ကောင်စီက လေတပ်၊ ကြည်းတပ်နှစ်ဘက်ပေါင်းကာ  တိုက်ခိုက်မှုများ ဆက်တိုက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

တအာင်းဒေသ နမ့်ဆန်မြို့နယ်အတွင်းရှိ တအာင်းတပ်မတော် (TNLA)ရဲ့ တပ်စခန်းကို မနေ့ ဒီဇင်ဘာ ၇ ရက် နေ့လယ် ၂ နာရီကျော်ကစပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ထိုးစစ်ဆင် တိုက်ခိုက်ရာကနေ ယမန်နေ့ နံနက် ၁၀ နာရီအထိ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း၊ ၎င်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ည ၁၀ နာရီဝန်းကျင်အထိ ဂျက်လေယာဥ် ၂ စီးနှင့် အတူ မြေပြင်စစ်ကြောင်းပါ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု ရွှေဖီမြေ သတင်းတွင် ဖော်ပြထားသည်။

“ TNLA တပ်စခန်းရှိတဲ့နေရာကို ဂျက်တိုက်လေယာဉ် ၂ စီး၊  ရဟတ်ယာဥ် ၆ စီးနဲ့ လူအင်အား ရာနဲ့ချီ လာချခဲ့ပြီးနောက် တိုက်ပွဲတွေ စဖြစ်နေတာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ရက္ခိုင့်တပ်တော် (AA)  သည် စစ်ကောင်စီနှင့် ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၂၆ ရက်နေ့က အလွတ်သဘော အပစ်ရပ်စဲထားသော်လည်း ညီနောင်မဟာမိတ်များရှိရာ နယ်မြေများတွင် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့များနှင့် လက်တွဲ တိုက်ခိုက်၍ ရှိနေကြောင်း ရက္ခိုင့်တပ်တော် ထိပ်ပိုင်း တာဝန်ရှိသူတစ်ဦးကလည်း နိရဉ္စရာသတင်းဌာကို အတည်ပြု ပြောကြားသည်။

Most read this week

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...