အပစ်ရပ်ထားသော်လည်း ရသေ့တောင်နှင့် မြေပုံကားလမ်းများကို စစ်ကောင်စီ ပိတ်ထားဆဲ

အပစ်ရပ်ထားသော်လည်း ရသေ့တောင်နှင့် မြေပုံကားလမ်းများကို စစ်ကောင်စီ ပိတ်ထားဆဲ
ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်းဆုံကို ၂၀၂၂ ဇန်နဝါရီလက တွေ့ရစဉ်။
ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်းဆုံကို ၂၀၂၂ ဇန်နဝါရီလက တွေ့ရစဉ်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ ယာယီအပစ်ရပ်တန့်လိုက်ပြီးနောက် ရခိုင်ပြည်ရှိ ကုန်းလမ်းရေလမ်းအချို့ကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းနှင့် မင်းပြား-မြေပုံကားလမ်းတို့ကို ပိတ်ထားဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

လက်ရှိ ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်းပိုင်းတွင် ပုဏ္ဏားကျွန်းမှ ရသေ့တောင်သို့သွားလျှင် လက်ဝဲစာတိုက်ကျေးရွာနှင့် သာစည်ကျေးရွာကြားရှိ စစ်ဆေးရေးဂိတ်နှင့် ရသေ့တောင်မှလာလျှင်လည်း ပိန္နဲတောကျေးရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တို့မှ ပိတ်ဆို့ထားခြင်းဖြစ်သည်။

“အဲဒီနားက ဘေးတွဲနဲ့ နှစ်ဘီးတွေလောက်ပဲ ဖြတ်လို့ရပါတယ်။ ကားတွေ မဖြတ်ရပါ။ လမ်းကြောင်းတွေကို ဖွင့်ပေးမယ်ဆိုရင် တရားဝင်ကြေညာပြီး ဖွင့်ပေးပါ ။ ကျနော်တို့ အဲဒါပဲ လိုအပ်တယ်။ ဒေသခံတွေမှာ လမ်းပိတ်ထားတော့ ကျန်းမာရေးကိစ္စနဲ့ တခြားဟာတွေ အများကြီး ထိခိုက်နစ်နာရပါတယ်”ဟု ပုဏ္ဏားကျွန်း-ရသေ့တောင် ကားသမားတစ်ဦးကပြောသည်။

ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းပိုင်းသည် ရသေ့တောင်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဒေသခံများအတွက် အဓိကအရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး လက်ရှိတွင် ဒေသနေပြည်သူများ လူမှုရေး ကျန်းမာရေးကိစ္စများတွင် အခက်အခဲဖြစ်နေရသည့်အတွက် ပြန်လည်ဖွင့်လှစ်ပေးရန် လိုလားနေကြသည်။

“ကျနော်တို့ဒေသက လမ်းတွေကို ပိုပြီး အမြန်ဖွင့်ပေးသင့်တာပါ။ တခြားလမ်းတွေ အကုန်လုံးလည်း ဖွင့်ပေးလိုက်ပြီ။ ဒီဘက်ကလမ်းကို ဘာကြောင့်ပိတ်ထားမှန်း မသိတော့ဘူး။ အကုန်ဒုက္ခရောက်ပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းသည် ၂၂ မိုင် ၆ ဖာလုံရှည်လျားပြီး ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့မှ စတင်ကာ ယနေ့အချိန်ထိဆိုလျှင် လမ်းပိတ်ထားသည်မှာ ၆ လထိ ကြာမြင့်လာပြီဖြစ်သည်။

ထိုနည်းတူ မြေပုံမြို့နယ်အတွက် အဓိကကုန်စည်စီးဆင်းရာ လမ်းကြောင်းဖြစ်သော မင်းပြား-မြေပုံ ကားလမ်းကိုလည်း မင်းပြားကြပ်စင်တံတားမှနေပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့မှစတင်ကာ ပိတ်ထားခဲ့သည်မှာ ယခုဒီဇင်ဘာလဆိုလျှင် ၂ လ‌ကျော် ကြာမြင့်လာပြီဖြစ်သည်။

ထိုသို့ မင်းပြားကြပ်စင်တံတားမှနေ လမ်းပိတ်ထားသည့်အတွက် ဒေသခံများမှာ ခရီးသွားလာရေးနှင့် စားသောက်ကုန်ပစ္စည်းများ သယ်ယူရာတွင်များစွာ အခက်အခဲဖြစ်နေရကြောင်း ကြပ်စင်တံတားအနီးရှိ ဒေသခံများထံမှ သိရသည်။

“ကြပ်စင်တံတားပေါ်ကနေ လုံးဝကိုမဖြတ်ရပါ။  ကျန်းမာရေး၊ လှုမှုရေး၊ ပညာရေး အားလုံး အခက်အခဲ ဖြစ်နေပါတယ်။ လှုမှုရေးကြောင့်လည်း သွားမရ။ ကျန်းမာရေးကြောင့်လည်း သွားမရ။ ပညာရေးကြောင့်လည်း သွားမရ။  ဆရာမတွေဆိုလည်း ဒီဘက်က ရွာတွေကိုမလာရဲ။ ကျောင်းအုပ်ဆရာမတွေလည်း မလာလို့ စာလည်းမသင်ကြရဘူး”ဟု ဖလောင်းပြင်ကျေးရွာသားတစ်ဦးက DMG သို့ ပြောသည်။

လက်ရှိတွင် မင်းပြား-မြေပုံနယ်စပ် ကြပ်စင်တံတားပေါ်တွင် စစ်ကောင်စီကဂိတ်ချကာ ပိတ်ဆို့ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဆက်လက်ပြီး၎င်းက “လမ်းတွေကို ဖွင့်ပေးရင်တော့ ကောင်းတာပေါ့။ ဖွင့်ရင်လည်း စစ်ကောင်စီတပ်သားတွေ ဂိတ်ချပြီး စစ်‌ဆေးနေမယ်ဆိုရင် ဖွင့်တယ်လို့ မခေါ်ဘူး။ သူတို့ တပ်ဆုပ်မှ လမ်းဖွင့်ပြီလို့ ပြောလို့ရမယ်။ သူတို့ရှိရင် ဘယ်သူမှ သွားလာရဲမှာ မဟုတ်ပါဘူး”ဟု အဆိုပါ ဒေသခံကပြောသည်။

၂၂ မိုင် ၄ ဖာလုံရှိသည့် မင်းပြား-မြေပုံ ကုန်းလမ်းကြောင်းကို ပိတ်ထားသည့်အတွက် မြေပုံဖက်မှ လာသည့် ဒေသခံများနှင့် ထိုတံတားအနီးအနား ကျေးရွာသားများမှာ စက်လှေဖြင့် ရေကြောင်းကိုသာ အဓိကအားကိုးပြီး သွားလာနေရကြောင်းလည်း သိရှိရသည်။

ထိုသို့ ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းနှင့် မင်းပြား-မြေပုံကားလမ်းတို့ကို ဖွင့်ပေးရန် ဒေသခံများ တောင်းဆိုချက်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံးခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ရခိုင်ပြည်နယ် စစ်ကောင်စီ‌ပြောခွင့်ရ ပုဂ္ဂိုလ် ဉီးလှသိန်းတို့ကို DMG က ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။

ရခိုင်ပြည်တွင် ယခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှ စတင်ကာ ဒေသတွင်းပြေးဆွဲနေသည့် ခရီးသည်ပို့ဆောင်ရေး ရေယာဉ်လိုင်းများနှင့် ဒေသခံများ အသုံးပြုသွားလာနေသည့် ရေယာဉ်များကို စစ်ကောင်စီက သွားလာခွင့်ပိတ်ထားခဲ့ပြီးနောက် နိုဝင်ဘာလ ၂၈ ရက်နေ့က စတင်ကာ တချို့‌သော လမ်းကြောင်းများကို ပြန်ဖွင့်ပေးခဲ့သည်။

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...