ပြည်နယ်မြို့ ဖားအံနှင့် နယ်စပ်မြို့ မြ၀တီတွင် ဆိုင်ကယ် /ကား ခိုးယူခံရမှု အဖြစ်များလာနေ

ပြည်နယ်မြို့ ဖားအံနှင့် နယ်စပ်မြို့ မြ၀တီတွင် ဆိုင်ကယ် /ကား ခိုးယူခံရမှု အဖြစ်များလာနေ

ကရင်ပြည်နယ်တွင် အာဏာသိမ်းဖြစ်စဉ် တစ်နှစ်ကျော် အကြာကာလအတွင်း ပြည် နယ်မြို့ ဖားအံ နှင့် ထိုင်း-မြန်မာနယ်စပ်မြို့ မြ၀တီမြို့ဘက်တွင် နေ့စဉ် ၊ညစဉ် ဆိုင်ကယ်/ကား ခိုးယူခံရမှုများအဖြစ်များ လာနေကြောင်း ဆိုင်ကယ်/ကား ခိုးယူ ပျောက်ဆုံးခံကြရသည့် ဒေသခံများ ပြောစကားအရ သိရသည်။

ဆိုင်ကယ် ခိုးခံရသည့် ဖားအံဒေသခံတစ်ဦးက “မြို့မှာဆို ရပ်ကွက်သတင်းပေး၊ ထောက်လှမ်းရေးတွေ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့ တွေပါ မြို့၀င်မြို့ထွက်၊ လမ်းမကြီးတွေ၊ ရွာလမ်းဆုံတွေပါ မကျန်ဂိတ်ချပြီး လုံခြုံရေး လုပ်နေတာဆိုတော့ သူခိုးက မိသင့်တယ်လေ၊ အခုက နေ့တိုင်း ကားခိုးခံရ၊ ဆိုင်ကယ် ခိုးခံရတာတွေက၊ ရပ်ကွက်တွေမှာ နေ့တိုင်းဖြစ်နေတယ်၊ ဖားအံမှာ လှည့် ခိုး နေတဲ့ သူခိုးက အခုထိမိတယ်ဆိုတာ မကြားမိဘူး။ ”ဟု ပြောသည်။

ဖားအံမြို့ သံလွင်မြစ်ကူးတံတား စစ်ဆေးရေးဂိတ်မှ စတင်ကာ ၊ ဇာသပြင်တံတား၊ အိန္ဒုတိုးဂိတ်၊ တောင်ကလေးတိုးဂိတ်၊ ပညာရေးကောလိပ်၊ နောင်လုံတောင်ကြား၊ လမ်းခွ လမ်းဆုံမှ သွားလာနေကြသည့် ဒေသခံနှင့် ပြည်တွင်း ခရီးသွားများအား လုံခြုံရေးအရ ဟု ဆိုကာ စစ်ဆေးမှုများ အရှိန်မြှင့်လုပ်ဆောင်နေသလို၊ လူစည်ကားရာ မြို့တွင်း အထင်ကရ နေရာများတွင် CCtv စောင့်ကြည့် ကင်မရာများဖြင့် စောင့်ကြည့်ကွန်ယက် စနစ်လုပ်ဆောင်ထားသော်လည်း ခိုးမှုများအား ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ကား/ဆိုင်ကယ် ခိုးယူခံရသူများ ပြောဆိုချက်အရ သိရသည်။

“သူတို့ အခုက နေ့/ရော ညပါ ပြည်သူတွေရဲ့ ကားတွေ ဆိုင်ကယ်တွေ၊ ဖုန်းတွေ စစ်ဆေးနေတာ၊ လိုင်စင်တွေစစ်နေတာက မြို့ခံတွေကို သူတို့ ငွေညှစ်ဖို့ပဲ ဖြစ်နေတယ်၊ သူခိုးဖမ်းပေးဖို့ မလုပ်နိုင်ကြတော့ဘူး၊ ကိုယ်ပေါ့ဆရင် ကိုယ်ခံဆိုတာမျိုး ဖြစ်နေတယ်”ဟု အဆိုပါ ဆိုင်ကယ် ခိုးခံရသည့် ဖားအံ ဒေသခံ ဆက်ပြောသည်။

ထိုကဲ့သို့ပင် ထိုင်း-မြန်မာ နယ်စပ်မြ၀တီ မြို့ဘက်တွင်လည်း မြို့အ၀င် သင်္ဃန်းညီ နောင် စစ်ဆေးရေးဂိတ်၊ ကုန်သွယ်ရေးဇုန် ဂိတ်၊ ၂၇၅ စစ်တပ်ဂိတ် ၊ သံတံတားဂိတ်၊ ကြံခင်း ဂိတ်၊ ကျောက်လုံးကြီးဂိတ်များတွင် စစ်ကောင်စီတပ်များ၊ BGFတပ်များ လုံခြုံရေး ချထားစစ်ဆေးလုပ်ဆောင်နေသော်လည်း ဆိုင်ကယ်ခိုးယူခံရမှု၊ လုယက်ခံရမှု၊ ကား ခိုးယူခံရမှု၊ ကားပစ္စည်းများ ဖြုတ်ယူခိုးယူခံရမှုများ နေ့စဉ်ဖြစ်ပွားနေကြောင်း မြ၀တီ မြို့ခံကား ခိုးယူခံရသူ တစ်ဦးကလည်း ယခုလို ပြောသည်။

“ကျနော်ကား ပြီးခဲ့တဲ့လက အခိုးခံရတယ်၊ အိမ်ရှေ့ရပ်ထားတာကို ညဘက်သူခိုးအဖွဲ့က ကားတစ်စီးနဲ့လာပြီး ကားကို တံခါးဖျက်၊ သော့ဖျက်ပြီးခိုးမောင်းယူသွားတာ အိမ်က CCtv မှာပြန်တွေ့ ရတယ်၊ မိတ်ဆွေတွေ အကူအညီ တောင်းပြီး သထုံအထိ လိုက်ဆင်းရှာတယ်၊ သူခိုးကားလည်း ရှာမတွေ့သလို ကျနော့်ကားလည်း ပြန်မတွေ့ဘူး၊ ကာစီနိုတွေ၊ ဂိမ်းရုံတွေနားက အပေါင်ဆိုင်တွေလည်း လိုက်ရှာကြည့်တယ် ပြန်မတွေ့ဘူး ၊ တခြား အသိမိတ်ဆွေတွေလည်း ဆိုင်ကယ် ဓါးထောက်လုခံရတယ်။ ”ဟု ကားခိုးယူခံရသူက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်းရှိ ဖားအံမြို့၊ လှိုင်းဘွဲမြို့ အနီး တစ်ဝိုက်မှလွဲ၍ ကျန်ဒေသမြို့ရွာများတွင် စစ်ကောင်စီတပ်၊ BGF နယ်ခြား စောင့်တပ်တို့နှင့် KNU /KNLA ပူးပေါင်းတပ်များတိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ ထို့အတူ မြ၀တီ၊ ကော့ကရိတ်၊ ဖားအံမြို့နယ်များတွင် စစ်ကောင်စီ အုပ်ချုပ် ရေးဌာနများအား တိုက်ခိုက်ခံရမည့် အခြေအနေအား လုံခြုံရေးအင်အားတိုးမြှင့် ဆောင်ရွက်နေရသည့်အတွက် ဒေသလူထု၏ လူမှုစီးပွားဘ၀များအား ကာကွယ် စောင့်ရှောက်နိုင်မှု မရှိတော့သည့် အခြေအနေကြုံတွေ့နေကြရကြောင်း ဒေသခံများက ပြောသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...