ကျောက်တော်တောင်တွင် မျောက်များစားသုံးနိုင်ရန် သီးပင်စားပင်များ စိုက်ပျိုး

ကျောက်တော်တောင်တွင် မျောက်များစားသုံးနိုင်ရန် သီးပင်စားပင်များ စိုက်ပျိုး

ရခိုင်ပြည်ရှိ အထင်ကရ ကျောက်တော်မြို့ သမိုင်းဝင် သေလာဂီရိ မောရပဗ္ဗတတောင်တွင် ကျက်စားနေထိုင်သည့် မျောက်အကောင်ရေ (၁၀၀၀)ကျော်အတွက် အစာရှားပါးမှုမဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး သီးပင်၊ စားပင်များ စိုက်ပျိုးနေကြောင်း ကျောက်တော်မြို့ခံများထံမှ သိရသည်။

အဆိုပါ အပင်များကို မောရမြေ သန့်ရှင်းရေး (ကျောက်တော်) အသင်းမှ ဦးဆောင်စိုက်ပျိုးနေခြင်းဖြစ်ပြီး သရက်၊ ပိန္နဲ၊ ဇီးပင် စသည့် ပျိုးပင်ပေါင်း ငါးဆယ်ကျော်နှင့် အခြားနှစ်ရှည်ပန်းပင် မျိုးစိပ်များလည်း ပါဝင်ကြောင်း သိရသည်။

မောရမြေသန့်ရှင်းရေးအသင်း ဥက္ကဌ ဦးလှစောခိုင်(ပုဏ္ဏားမြေ)က “အဓိကတော့ ဒီမှာရှိတဲ့ မျောက်တွေအတွက် အစာရှားပါးမှု မဖြစ်စေချင်တာ၊ ပြီးတော့ ဘုရားဖူးလာတဲ့ လူတွေအတွက် အရိပ်အာဝါသကောင်းကောင်းနဲ့ စိမ်းလန်း စိုပြေစေချင်တာရယ်၊ နောက်တစ်ခုက သဘာဝပတ်ဝန်းကျင်အတွက် အထောက်အကူ ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ စိုက်ပျိုးဖြစ်တာပါ”ဟု DMG ကို ပြောသည်။

လက်ရှိတွင် သီးပင်၊ စားပင် ငါးဆယ်ကျော်နှင့် ပန်းပင်မျိုးစိပ်ပေါင်း ကိုးရာကျော်ကို ကျောက်တော် တောင်တက်လမ်းတလျှောက် စိုက်ပျိုးထားပြီးဖြစ်ကာ လာမည့်နှစ်တွင်လည်း ထပ်တိုးစိုက်ပျိုးရန် ရည်ရွယ်ထားကြောင်း ဦးလှစောခိုင်(ပုဏ္ဏားမြေ)က ရှင်းပြသည်။

ပြီးခဲ့သည့်နှစ်များက ကိုဗစ်ကူးစက်ရောဂါ အပါအဝင် မြန်မာစစ်တပ်နှင့် ရခိုင့်တပ်တော်AA တို့၏ တိုက်ပွဲများကြောင့် လမ်းခရီးများ ပိတ်ပင်ခံရပြီး ဘုရားဖူးများ မလာရောက်ခြင်းကြောင့် မျောက်များမှာ အစာရေစာပြတ်လပ်မှု ကြုံခဲ့ရသည်။

ထိုသို့အစားအစာ ရှားပါးမှုများကြောင့် ကျောက်တော်တောင်အောက်ရှိ ရန်ကုန်-စစ်တွေ ကားလမ်းမကြီးနှင့် ကစ္ဆပနဒီတံတားအထိဆင်းကာ အစားအစာများ ရှာဖွေခဲ့ကြသည်။

လက်ရှိ ကျောက်တော်တောင်ပေါ်တွင် မျောက်အကောင်ရေပေါင်း တစ်ထောင်ကျော်ရှိပြီး နောက်ထပ် အစာရှားပါးမှု မဖြစ်ပေါ်စေရေးအတွက် ဥယျာဥ်ခြံကြီးများအထိ စိုက်ပျိုးရန် လိုအပ်နေသေးကြောင်း ကျောက်တော်တောင်ဂေါပကအဖွဲ့ အထွေထွေအတွင်းရေမှူး ဦးကျော်ကျော်က ပြောသည်။

“ပြောရမယ်ဆိုရင် မျောက် အကောင်ရေက အနည်းဆုံး တစ်ထောင်ကျော်လောက် ရှိမယ်ထင်ပါတယ်။ သူတို့ အစာရေစားရှားပါးမှု မဖြစ်ရအောင် ဒီတောင်ပေါ်မှာ ဥယျာဉ်ခြံအကျယ်ကြီးလုပ်ဖို့အတွက် ဘုရားဖူးလာတဲ့ အလှူရှင်တွေက တိုက်တွန်းကြသလို ကျနော်တို့ အနေနဲ့လည်း နောက်နှစ်တွေမှာ ဒီထက်များတဲ့ သီးပင်စားပင်တွေ စိုက်ပျိုးဖို့ မျှော်လင့်ထားတာ ရှိပါတယ်”ဟု ဦးကျော်ကျော်က ပြောသည်။

ကျောက်တော်တောင်ပေါ်ရှိ မျောက်များမှာ အနယ်နယ်အရပ်ရပ်က ဘုရားဖူးခရီးသည်များကျွေးသည့် အစားအစာများကို အဓိကမှီခို စားသောက်နေရခြင်းဖြစ်ပြီး ဘုရားဖူးများ လာရောက်မှုနည်းပါးသည့်အခါ အစာ၊ရေစာ ရှားပါးမှုများ ကြုံတွေ့နေရခြင်းဖြစ်သည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...