ရခိုင်ရိုးရာဆေးပညာ ပြန်လည်ထွန်းကားရေးရည်ရွယ်ပြီး ဆေကုသပွဲနှင့်အခမဲ့ဆေးလှူဒါန်းပွဲ တစ်ခုကို ကမ်းထောင်းကြီးမြို့တွင်ပြုလုပ်

ရခိုင်ရိုးရာဆေးပညာ ပြန်လည်ထွန်းကားရေးရည်ရွယ်ပြီး ဆေကုသပွဲနှင့်အခမဲ့ဆေးလှူဒါန်းပွဲ တစ်ခုကို ကမ်းထောင်းကြီးမြို့တွင်ပြုလုပ်

ရခိုင်ရိုးရာဆေးပညာ ပြန်လည်ထွန်းကားရေးရည်ရွယ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသည့် စစ်ဘေးရှောင်စခန်းတစ်ခုတွင် အခမဲ့ဆေးလှူဒါန်းပွဲနှင့် ဆေကုသမှုပြုလုပ်သည့် ပွဲတစ်ခုကို ရခိုင်ရိုးရာတိုင်းရင်းဆေးပညာရှင်များအသင်းက ကမ်းထောင်းကြီးမြို့တွင် ယခုလ ၃ ရက်မှ  ယနေ့ ၅ ရက်နေ့ထိ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ (၃) ရက်နေ့မှ စတင်ကာ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့၊ ရွာသစ်ရပ်ကွက်ရှိ စစ်ဘေးရှောင်စခန်းတွင် အခမဲ့ဆေးလှူဒါန်းပွဲနှင့် ဆေကုသပွဲ ပြုလုပ်ခဲ့ရာ  လူပေါင်း ၄၀၀ ကျော်ကို ကုသမှုပြုလုပ်နိုင်ခဲ့သည်ဟု အထွေထွေရောဂါ အထူးကုတိုင်းရင်း ဆေးသမားတော်  ဒေါက်တာ ရန်နိုင်စိုးက နိရဥ္စရာကို ပြောသည်။

"အဓိကဆေးကုသပေးရတဲ့ရည်ရွယ်ချက်ကတော့ စစ်ဘေးရှောင်တွေဆိုတာက တခြားလူတွေထက် ဆင်းရဲ့နွမ်းပါးကြတယ်။ အခက်အခဲဖြစ်နေတယ်။ သူတို့တွေမှာ လူနေထူထပ်တယ်။  ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတယ်။ ဆေးရုံဆေးခန်း သွားဖို့ကလည်း မလွယ်တဲ့အတွက်ကြောင့် တစ်ဖက်တစ်လမ်းက ကိုယ့်ရခိုင်ရိုးရာတိုင်းရင်းဆေးတွေ အစွမ်းထက်တာကို သိစေချင်တာလည်း တစ်ပိုင်းပါပါတယ်"ဟု ပြောသည်။

လူနာလာရောက်ကုသမှုအခြေအနေအရ ယနေ့ ဒီဇင်ဘာ (၅) ရက်နေ့အထိကုသပေးသွားမည်ဟု ၎င်းက ပြောသည်။

အဆိုပါပွဲတွင် ဒေါက်တာ ရန်နိုင်စိုး(အထွေထွေရောဂါအထူးကုသမားတော်)၊ ဆရာသိန်းမောင်ကျော်(နှာပလုတ်၊ ထိပ်ကပ်နာ၊ မှိုနာ၊ အနာဆွေး၊အနာပျက်၊ ယားနာအထူးကုသမားတော်)၊ ဆရာမ ဒေါ်တင်တင်ဌေး (အဖု၊ အကျိတ် နှင့်အမြစ်ပွားနာကု သမားတော်)၊ မြောက်ဦးဆရာ(မီးယပ်ရောဂါကုသမားတော်)၊ ဆရာခင်မောင်ထွန်း (လေဖြန်း၊ ထုံနာ၊ ကျဉ်နာ၊ အရိုးအကြောကုသမားတော်) စသည့် တိုင်းရင်းဆေးသမားတော်(၅) ဦးက ဆေးကုသပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိမှာ အဆိုပါ တိုင်းရင်းဆေးသမားတော် (၅) ဦးက ငွေအား၊လူအားစိုက်ကာ ဆေးကုသပေးခဲ့ခြင်းဖြစ်ပြီး အခက်အခဲမရှိသော်လည်း ရခိုင်ရိုးရာဆေးပညာများ ပြန်လည်ထွန်းကားလာရန် နှင့် တခြားဒေသများမှ ရခိုင်ပြည်သူများ၊ စစ်ဘေးရှောင်များအား ဆေးကုသမှုများ၊ ဆေးလှူဒါန်းမှုများပြုလုပ်ပေးရန် ငွေကြေးအခက်အခဲရှိနေသည်ဟု သိရသည်။

ထို့ကြောင့် လူမှုရေးအဖွဲ့အစည်းများ နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ဝိုင်းဝန်းကူညီပေးကြရန် ဒေါက်တာရန်နိုင်စိုးက ပြောဆိုသည်။

"လောလောဆယ်မှာတော့ အခက်အခဲမရှိပါဘူး။ အခုလုပ်နေတဲ့ ဆရာတွေမှာ ကိုယ့်ငွေကို စိုက်ပြီးလုပ်ခြင်းဖြစ်ပါတယ်။ ဒီတိုင်းရင်းဆေးပညာရှင်တွေဟာ အနောက်တိုင်းဆေးပညာရှင်တွေလို ဆေးရုံ၊ ဆေခန်းဖွင့်ပြီး ဝင်ငွေကောင်းတဲ့လူတွေမဟုတ်တဲ့အတွက်ကြောင့် နောက်နေရာတွေ သွားမယ်ဆိုရင် ရှေ့ဆက်ဖို့အတွက် ငွေရေးကြေးရေးက အခက်အခဲ ဖြစ်နေတယ်။ ကျနော်တို့ကတော့ ရခိုင်ရိုးရာဆေးပညာတွေ ပြန်လည်ထွန်းကားလာဖို့အတွက် နဲ့ နောက်ရခိုင်ပြည်သူတွေကို ကူညီပံ့ပိုးပေးနိုင်ဖို့အတွက် လူမှုအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့ ဇီဝိတဒါနလို့ခေါ်တဲ့ ဆေးဒါနအဖြစ်ဝိုင်းဝန်းကူညီပေးကြဖို့ ကျနော့အနေနဲ့ပြောချင်ပါတယ်" ဟု ပြောသည်။

ယခု အခမဲ့ဆေးလှူဒါန်းပွဲနှင့် ဆေကုသပွဲတွင် စစ်ဘေးရှောင်များနှင့် ဒေသခံ (၄၀၀) ကျော် လာရောက်ကုသမှုခံယူခဲ့ကြောင်းနှင့် နောက်ထပ်လည်း အဆိုပါ ဆေးကုသမှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု  သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...