ပြီးခဲသည့် သြဂုတ်လ ၁၈ ရက်နေ့ နောက်ပိုင်းမှ စပြီး မြန်မာ့တပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(PSLF/ TNLA) တို့ကြား တိုက်ပွဲများမှာ နှစ်ဖက်ထိတွေ့မှု မရှိပဲ ယမန်နေ့က ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြန်မာ့ တပ်မတော် စစ်ကြောင်း တက်လာသော ကြောင့် တိုုက်ပွဲများ ဖြစ်ရသည်ဟုု တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/ TNLA) မှ သတင်းနှင့် ပြန်ကြားတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။
“မနေ့က ကျောက်မဲမြို့နယ် လွယ်ကလေး အထက်ဖက် ကျေးရွာတောင်ကြောကို အဲမှာ ကျနော်တို့ အဖွဲ့ရှိတယ်။ မြန်မာ တပ်မတော်က အင်အား တစ်ရာဝန်းကျင်လောက် သူတို့ ကျနော်တို့ဆီတက်လာတယ် တက်လာတော့ လာရောက်တိုက်ခိုက်တော့ တိုက်ပွဲဖြစ်တယ်။ ၁၀ နာရီ ၁၅ လောက်ကနေပြီး ၁၁နာရီလောက်မှာ ပြီးဆုံးသွားတယ်။”
တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာ့တပ်မတော်မှ တိုက်ပွဲဖြစ်ပွားခဲ့သည့် အနီးအနား ပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိ သည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆက်ပြောသည်။
ယခုဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့်ပတ်သက်ပြီး မြန်မာ့တပ်မတော်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။
မြန်မာ့တပ်မတော်မှ ၎င်းတို့ဒေသသို့ စစ်ကြောင်းလှုပ်ရှားမှုများ အစဉ်အမြဲရှိနေသည့်အပြင် တပ်အင်အား တိုးချဲ့မှုများလည်း ရှိသည်ဟု PSLF/TNLA မှ ပြောသည်။
PSLF/TNLA လှုပ်ရှားရာ ဒေသအတွင်းသို့ မြန်မာ့တပ်မတော်မှ တပ်မ ၈၈၊ တပ်မ ရ၇ ၊ တပ်မ ၃၃၊ စကခ နှစ်ခုနှင့် ကျောက်မဲ၊ မိုးကုတ်၊ သီပေါ၊ နမ့်ဆန်၊ နမ္မတူ၊ ကွတ်ခိုင်၊ သိန်နီ၊ မူဆယ်၊ နမ့်ခမ်း၊ အစရှိသည့် ဒေသများသို့ တပ်အင်အားတိုးချဲ့လှုပ်ရှား လျက်ရှိပြီး အင်အား ၆၀၀၀ ၀န်းကျင်ခန့်ရှိသည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်မှ ပြောသည်။
“အဓိကကတော့ သူတို့ကတော့ စစ်ကြောင်းက တော်တော်လေးထိုးနေတယ် ကျနော်တို့ နယ်ဖက်မှာ နဂိုက တည်းက လှုပ်ရှားမှုက သူကပုံမှန်ရှိတယ် တပ်အင်အားတိုးချဲ့တာလည်း ဒီအတိုင်းပဲ ကျနော်တို့က ရှောင်တယ် ဒါပေမယ့် မနေ့က ရှောင်လို့မရတဲ့အနေ အထားကြောင့် ကျနော်တို့ တိုက်ပွဲ ဖြစ်ပွားတာဖြစ်တယ်။ စောစောက ပြောသလို တိုက်ပွဲကတော့ လက်တစ်ကမ်းအလိုပဲရှိတယ် ကျနော်တို့က ရှောင်တာရှောင်မရ ရင်တော့ တိုက်ပွဲက ဖြစ်မှာပဲ။”
ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် အတွင်းတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (ရှမ်းပြည်တပ်မတော် မြောက်ပိုင်း)SSPP/SSA ၏ တပ်စခန်းတစ်ခုုအား မြန်မာတပ်မတော်စစ်ကြောင်းတစ်ခုုက စက်တင်ဘာလ ၁၁ ရက်နေ့က တိုုက်ခိုုက်သဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) သည် “၀” ဦးဆောင်သည့် မြန်မာပြည် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) ၏ အဖွဲ့ဝင်ဖြစ်သည်။
၎င်းတို့အဖွဲ့အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လမ်းကြောင်းအတိုင်းမသွားပဲ နိုင်ငံရေးလမ်းကြောင်း သစ်ဖြင့် အစိုးရနှင့် ဆွေးနွေးရန် တရားဝင်ထုတ်ပြန်ထားသည့် အဖွဲ့ဖြစ်သည်။







