ရခိုင်တွင် အမျိုးသမီးနှင့် ကလေးသူငယ်များ အကြမ်းဖက်ခံရမှု ယခင်နှစ်ထက် ပိုများလာ

ရခိုင်တွင် အမျိုးသမီးနှင့် ကလေးသူငယ်များ အကြမ်းဖက်ခံရမှု ယခင်နှစ်ထက် ပိုများလာ
၂၀၂၁ နိုဝင်ဘာ ၂၅ ရက်နေ့ စစ်တွေတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေး ကမ်ပိန်း ပြုလုပ်ခဲ့စဉ်။
၂၀၂၁ နိုဝင်ဘာ ၂၅ ရက်နေ့ စစ်တွေတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေး ကမ်ပိန်း ပြုလုပ်ခဲ့စဉ်။

ရခိုင်ပြည်နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု ယခင်နှစ်ထက် ပိုများလာကြောင်း ဥပဒေရေးရာအကူညီပေးသည့် အဖွဲ့နှင့် အမျိုးသမီးအရေး လှုပ်ရှားသည့်အဖွဲ့များထံမှ သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ အမှုပေါင်း ၃၁၀ ရှိခဲ့သော်လည်း ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု ၃၅၀ အထိ ရှိနေကြောင်း Legal Clinic Myanmar (ဥပဒေရေးရာ ကုစားရေးအဖွဲ့) ရခိုင်ပြည်ရုံးခွဲ(စစ်တွေ)မှ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာက DMG သို့ ပြောသည်။

“အဲဒီအမှုတွေထဲမှာ အမှုဖွင့်ထားတာရှိသလို အမှုမဖွင့်ဘဲ တရားရုံးကို ဦးတိုက်လျှောက်တဲ့ အမှုတွေ ရှိတယ်။  အခုက အောက်တိုဘာလစာရင်းပဲရှိသေးတယ် အမှုက ၃၅၀ ဖြစ်သွားပြီဆိုတော့ မနှစ်ကထက် ပိုများလာတယ်”ဟု ပြောသည်။

လက်ရှိ အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်ခံနေရသည့် အမှုများထဲတွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနှင့် လူမှုစီးပွားဆိုင်ရာ အကြမ်းဖက်မှုတို့ပါဝင်နေကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် လက်ရှိ ရခိုင်မှာ နိုင်ငံရေးရှုပ်ထွေးမှု ပြဿနာ၊ လုံခြုံမှု အားနည်းခြင်းနှင့် အလုပ်အကိုင်အခွင့် အလမ်း ရှားပါးမှုတို့ကြောင့် အကြမ်းဖက်ခံရသည့် အမှုတချို့မှာ တရားမျှတမှုရရှိဖို့အတွက် မတိုင်ကြားခြင်းများ ရှိနေသေးကြောင်း ဒေါ်မြသူဇာက ဆက်ပြောသည်။

“နိုင်ငံရေးအနေအထား လုံခြုံမှုမရှိ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိတဲ့အတွက် ပြဿနာဖြစ်ရင်တောင်မှ အွန်လိုင်းက အကြံဉာဏ်တောင်းတာမျိုးတွေရှိတယ်။ နိုင်ငံရေး အခြေနေမကောင်းတော့ ရုံးတက်၊ ရုံးချိန်း တွေလည်း မလုပ်ချင်ကြတော့ဘူးလေ”ဟု သူမကပြောသည်။

ယင်းအပြင် ရခိုင်အမျိုးသမီးများကွန်ရက်သို့လည်း အမျိုးသမီးများအကြမ်းဖက်ခံရသည့် အမှု ၃၀ ကျော် တိုင်တန်းထားကြကြောင်း သိရသည်။

ရခိုင်အမျိုးသမီးများကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ညိုအေးက “အမျိုးသမီးတွေ ခွဲခြားဆက်ဆံခံနေရတာ အခုထိ အများကြီး ရှိနေတုန်းပဲ။ အဲဒီ ခွဲခြားဆက်ဆံမှုရဲ့နောက်ကွယ်မှာ ဘက်ပေါင်းစုံဖြစ်လာနိုင်တယ်။ အကြမ်းဖက်မှုလည်း ဖြစ်လာနိုင်တယ်။ အိမ်တွင်း အကြမ်းဖက်မှုတွေရော ဖြစ်လာနိုင်တယ်။ တစ်နှစ်ထက်တစ်နှစ်၊ မနှစ်ကထက် ဒီနှစ် အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု ပိုများလာတယ်”ဟု ဒေါ်ညိုအေးက ပြောသည်။

ယခုနှစ် တိုင်တန်းလာကြသည့် အကြမ်းဖက်မှုများထဲ လူသတ်မှုအဆင့်အထိ ကျူးလွန်သည့် အမှုများရှိနေပြီး ထိုကဲ့သို့ အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုပပျောက်စေရန် အသိပညာပေးခြင်းများ ပြုလုပ်သင့်ကြောင်းလည်း ဒေါ်ညိုအေးက ဆက်ပြောသည်။

အဆိုပါ တိုင်ကြားလာသည့်အမှုများမှာ Legal Clinic Myanmarနဲ့ ရခိုင်အမျိုးသမီးများကွန်ရက်ထံသို့ ရောက်ရှိသည့်အမှုသာဖြစ်ပြီး တခြား ရခိုင်တွင် အမျိုးသမီးအရေး လှုပ်ရှားနေသည့်အဖွဲ့များအပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)အဖွဲ့ထံသို့ တိုင်ကြားကြသည့်အမှုများလည်း ရှိသေးကြောင်းသိရသည်။

July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...