သီပေါမှ စစ်ဘေးရှောင် ၄၀၀ ကျော် အရေးပေါ် အကူအညီ လိုအပ်

သီပေါမှ စစ်ဘေးရှောင် ၄၀၀ ကျော် အရေးပေါ် အကူအညီ လိုအပ်

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်ရောက်လာသော ပြည်သူ ၄၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေကြောင်း သတင်းသိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက် နံနက်ပိုင်း သီပေါမြို့နယ် ကုန်းသာရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSAတို့၏ တိုက်ပွဲကြောင့် အနီးပတ်ဝန်း ကျင်မှ ရွာသားများ ၄၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း သီပေါမြို့သို့ စစ်ရှောင်လာသူ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုကတော့ စားဖို့သောက်ဖို့အတွက် ခက်ခဲပါတယ်၊ ရာသီဥတုအတွက်လည်း အေးနေတာနဲ့ ကလေးငယ်တွေ၊ မိခင်တွေ၊ သက်ကြီးရွယ်အိုတွေလည်း စောင်တွေ အနွေးထည်တွေ မရလာခဲ့ဘူး၊ ကျမတို့လည်း ဘာမှမရခဲ့ကြ ပါဘူး၊ အခုစားဖိုသောက်ဖို့ကို သူများဝေငှတာနဲ့ပဲ အချင်းချင်းပြန်မျှစားနေရတယ်” ဟု သီပေါရောက် စစ်ရှောင် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ရှောင်ပြည်သူ ၄၀၀ ကျော်သည် သီပေါမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း၊ ဘူတာဘက်မှ မဟာစည် ကျောင်း၊ ဘိုးတော်ကျောင်းနှင့် နီးစပ်ရာ ဆွေမျိုးအသိများထံသို့ နေထိုင်ကြကြောင်း သတင်းသိရသည်။

လက်ရှိတွင် စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အနွေးထည် အသုံးအဆောင် ပစ္စည်းများ လိုအပ်နေ ကြောင်းလည်း သီပေါမြို့မှ စစ်ရှောင်ကူညီပေးနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘာမှ မရလိုက်ပဲ စစ်ဘေးကို ရှောင်လာကြတဲ့သူတွေက များတယ်၊ ဒါကြောင့် ကျောင်းကိုရောက်လာကြတဲ့ စစ်ရှောင်တွေကိုနဲ့ ဆရာတော်က ကျောင်းမှာရှိတာနဲ့ ကူညီပေးနေပေမဲ့လည်း မလုံလောက်ဘူး၊ ပြီးတော့ ရေရှည် အတွက်လည်း ခက်ခဲမှာ၊ လက်ရှိကျမတို့ ရထားတဲ့ စာရင်းက ၃၀၀ ကျော်ဆိုပေမဲ့ စာရင်းမထည့်ရတာလည်း ရှိနေတော့ စုစုပေါင်း ၄၀၀ ကျော် အကူညီတွေ လိုအပ်နေပါတယ်” ဟု သီပေါမှ စစ်ရှောင်များကို ကူညီပေးနေသူ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ဘေးရှောင်ရောက်ရှိလာသူများသည် တိုက်ပွဲဖြစ်ပွားရာ ကုန်းသာရွာ အပါအဝင် အနီးပတ်ဝန်းကျင်မှ ရွာများဖြစ်ကြသည့် ဟိုနောင်ရွာ နှင့် ကုန်းပင်ရွာတို့မှ ဒေသခံများဖြစ်ကြကြောင်းလည်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားချိန်မှ ယနေ့အချိန်အထိ ကုန်းသာရွာအတွင်းမှာပင် စခန်းချ နေရာယူထားလျက်ရှိသည့်အပြင် နှစ်ဖက် တပ်ဖွဲ့ စစ်ရေးတင်းမာမှုလည်း ရှိနေသေးသည့်အတွက် စစ်ရှောင် ပြည်သူ များက နေရပ်မပြန်နိုင်သေးကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့တွင်လည်း သီပေါမြို့နယ် ကုန်းသာကျေးရွာအနီးတွင် စစ်ကြောင်းချီတက် လာသည့် စစ်ကောင်စီနှင့် SSPP/SSA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မိုးနဲဒေသခံ စိုင်းမိန်း (ခေါ်) စိုင်းလင်း။ / Crd)
September 21, 2026
သျှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့တွင် ဒေသခံအမျိုးသားတစ်ဦး စစ်မှုထမ်းရန်အတွက် စစ်အုပ်စုတပ်၏...
September 21, 2026
-  ရခိုင် စစ်တွေစစ်မျက်နှာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စု တပ်စခန်းတချို့...
စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...