ဖားကန့်တွင် စစ်ကောင်စီတပ်သားများမှ သေနတ်ပစ်ဖောက်ပြီး ဒေသခံပြည်သူအချို့ကို စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွား

ဖားကန့်တွင် စစ်ကောင်စီတပ်သားများမှ သေနတ်ပစ်ဖောက်ပြီး ဒေသခံပြည်သူအချို့ကို စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ၊ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာ အတွင်းကနေ ဖြတ်သွားတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေက  ဒီကနေ့မနက်(၇)နာရီခွဲလောက်မှာ သေနတ် ရမ်းသန်း ပစ်ခတ်သွားတဲ့အပြင် ဒေသခံပြည်သူအချို့ကိုပါ စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အင်အား (၁၀၀)လောက်ရှိတဲ့ တပ်မ (၃၃) လက်အောက်ခံ အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာကနေ ဖြတ်သွားချိန် ဈေးဆိုင်တန်းက ပြည်သူအချို့ကို စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားတယ်လို့ ဆိုင်းတောင်ဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“တံတားအကြီးနားက ဈေးတန်းတစ်လျှောက်က လူတွေ အားလုံးကို ထိုင်ခိုင်းထားတာ။ စစ်ကြောင်း ဖြတ်သွားတာ။ သေနတ်ရော ပစ်ဖောက်ကြတာ။ ဈေးက လူအချို့ ပါသွားပြီ။ ပစ္စည်း မခိုင်းတာတဲ့” လို့ သူက ပြောပါတယ်။

အဲဒီလို သေနတ်ပစ်ဖောက်သံတွေ ကြားရတာကြောင့် စိုးရိမ်ထိတ်လန့်ခဲ့ရပြီး အဲဒီ စစ်ကြောင်းကနေ ဒေသခံပြည်သူအချို့ကို ခေါ်ဆောင်သွားတယ်ဆိုတာ မှန်ကန်ပေမယ့် ဘယ်နှစ်ဦးဆိုတာတော့ အတိအကျ မသိရသေးဘူးလို့ နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

 “စစ်ကြောင်းကနေကို ပစ်နေကြတာ။ သူတို့ဟာ သူတို့ ပစ်တာ။ လမ်းကနေ ပြည်သူ ဘယ်နှစ်ယောက် ပါသွားတယ်ဆိုတာတော့ အတိအကျ မသိသေးဘူး” လို့ သူက ဆိုပါတယ်။

အထက်ပါ စစ်ကောင်စီ စစ်ကြောင်းဟာ ကျောက်သွေးတောင်ဘက် စစ်ကြောင်းချီတက်နေတယ်လို့ ယူဆရပြီး ဒီကနေ့မနက် စစ်ကြောင်း ဖြတ်ချိန်က လမ်းဆုံလမ်းခွတွေမှာ ပြည်သူတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 ဖားကန့်မြို့အနှံ့ စစ်ကောင်စီတပ်သားတွေ အခုရက်ပိုင်းအတွင်း စစ်ကြောင်းထိုးဝင်ရောက်မှုတွေ သိသိသာသာ ရှိလာပြီး လက်နက်ကြီးရမ်းသန်း ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုအထိ ရှိလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Most read this week

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...