ကွတ်ခိုင်မြို့ မူးယစ်သုံးစွဲသူ ၄၀ ကျော် ရဲမှ ပြန်လွှတ်ပေးသည့်အပေါ် ပြည်သူများ ဝေဖန်နေ

ကွတ်ခိုင်မြို့ မူးယစ်သုံးစွဲသူ ၄၀ ကျော် ရဲမှ ပြန်လွှတ်ပေးသည့်အပေါ် ပြည်သူများ ဝေဖန်နေ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဖမ်းဆီးရမိသော မူးယစ်ဆေး သုံးစွဲသူနှင့် ရောင်းဝယ်သူများ အယောက် ၄၀ ကျော်ကို ရဲတပ်ဖွဲ့မှ ၅ရက်သာချုပ်နှောင်ခဲ့ပြီး ပြန်လွှတ်ပေးသည့်အတွက် ပြည်သူများ ပြစ်တင်ဝေဖန် ပြောဆို နေကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်တွင် ကွတ်ခိုင်မြို့ မြို့မဈေးရပ်ကွက် နှင့် အနီးတဝိုက်တွင် ရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေးသုံးစွဲသူ နှင့် ရောင်းဝယ်သူများကို လိုက်လံရှာဖွေဖမ်းဆီးပြီး အယောက် ၄၀ ကျော်ကို ဖမ်းဆီး သွားကြောင်း သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးမိသူများကို တစ်ညချုပ်ကာ ၁၀ ဦးခန့် ပြန်လွတ်ပေးသလို ၅ ရက်မြောက်နေ့တွင်လည်း အယောက် ၃၀ ကျော် ပြန်လည်လွှတ်ပေးလိုက်ခြင်းသည် မဖြစ်သင့်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ထောင်ထဲမှာ ကျွေးစရာမရှိတော့လို့ ပြန်လွှတ်ပေးလိုက်တာလို့ ထင်တယ်၊အခုလို ခဏလေး ဖမ်းပြပြီး ပြန်လွှတ် ပေးတာ ဘာထူးတော့မှာလဲ၊ တာဝန်ရှိသူ တွေ အနေနဲ့ ဒီလိုမျိုးကိစ္စကို အခုလို လက်လွတ်စပယ်မလုပ်သင့်ဘူး” ဟု ကွတ်ခိုင်မြို့မှ အမည်မဖော်လိုသူ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူးယစ်ဆေးဝါးကြောင့် ဖမ်းဆီးရမိသည့် အကျဉ်းသားများကို စစ်ကောင်စီ လက်အောက်ခံ ကွတ်ခိုင်မြို့မှ ရဲစခန်းမှ ကတုံးတုံးပြီး အချုပ်ကားဖြင့်ပင် မြို့မဈေးရပ်ကွက်အနီးသို့ ပြန်လည် လာချပေးကြောင်းဒေသခံများက ပြောသည်။

“ထောင်ကထွက်လာတဲ့ ဆေးသမားတွေကလည်း သူတို့အကျင့်ကို မပြင်ဘူး၊ လွှတ်လာပြီဆိုတာနဲ့ မြို့မဈေးထဲမှာ ကူလီအလုပ်တွေ၊ တချို့လည်း ဘူးခွံတွေလိုက်ရှာ ရောင်းပြီးတော့ ရတဲ့ငွေနဲ့ မူးယစ်ဆေးတွေ ပြန်ဝယ်သုံးနေကြ တယ်၊ လုယက်မှုတွေ သူခိုးတွေ ဆိုလည်း ဒီမူးယစ်သားကောင်တွေပဲ လုပ်ကြတာလေ၊ လုံခြုံမှုမရှိဘူး” ဟု အထက် အမျိုးသမီးက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီလက်ထက် ကွက်ခိုင်မြို့ပေါ်ရှိ ရပ်ကွက်အတွင်းမှာ လောင်းကစားရုံများ ဖွင့်လှစ်ခြင်း၊ လမ်းကြိုလမ်းကြားအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူနှင့် သူခိုးများ များပြားလာသည့်အတွက် ဒေသခံများ အနေဖြင့် လုံခြုံမှုမရှိကြောင်း ကွတ်ခိုင်မြို့ခံ အသက် ၅၀ ကျော်အမျိုးသားတစ်ဦးလည်း ပြောသည်။

“လမ်းကြားတွေဆို တစ်ယောက်တည်း မဖြတ်ရဲတော့ဘူး။ လမ်းဘေးမှာ ဆေးသုံးနေကြတယ်။ တချို့လည်း ဆေးထိုးကြတဲ့အဆင့်ရောက်တယ်။ အခုဆို ဖမ်းမိတဲ့သူတွေလည်း ပြန်လွတ်လာတော့ ပိုဆိုးတာပေါ့၊ ကွတ်ခိုင်မြို့ လုံခြုံမှုက မရှိတော့ဘူး” ဟု အသက် ၅၀ ကျော်အမျိုးသားက ပြောသည်။

မူးယစ်ဆေးသုံးစွဲသူ ပေါများသည့် ကွက်ခိုင်မြို့ပေါ်တွင် ကားများ ဆိုင်ကယ်များလည်း မကြာခဏ ပျောက်ဆုံးပြီး သက်ဆိုင်ရာ အစိုးရဌာနသို့ သွားရောက်တိုင်ကြားပေမယ့် တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

ကွက်ခိုင်မြို့နယ်သည် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသော TNLA၊ KIA နှင့် စစ်ကောင်စီ တို့ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားရာ နယ်မြေလည်း ဖြစ်သည်။

စစ်ကောင်စီမှ အာဏာသိမ်းခြင်း တစ်နှစ်ကျော်လာပြီးသည့်နောက်လောင်းကစားရုံများ၊ မူးယစ်ဆေးဝါးများ၊ သူခိုးများလည်း မြို့နယ်တိုင်း နီးပါး ရှိလာသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မိုးနဲဒေသခံ စိုင်းမိန်း (ခေါ်) စိုင်းလင်း။ / Crd)
September 21, 2026
သျှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့တွင် ဒေသခံအမျိုးသားတစ်ဦး စစ်မှုထမ်းရန်အတွက် စစ်အုပ်စုတပ်၏...
September 21, 2026
-  ရခိုင် စစ်တွေစစ်မျက်နှာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စု တပ်စခန်းတချို့...
စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...