စစ်တပ်က စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားသဖြင့် သောင်းနှင့်ချီသော အမ်းဒေသခံများ ဒုက္ခတွေ့နေ

စစ်တပ်က စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားသဖြင့် သောင်းနှင့်ချီသော အမ်းဒေသခံများ ဒုက္ခတွေ့နေ

မြန်မာစစ်တပ်က စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားသဖြင့် အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာအုပ်စုရှိ ရွာပေါင်း ၄၈ ရွာမှ ဒေသခံတစ်သောင်းကျော်မှာ စားဝတ်နေရေးခက်ခဲနေသည့်အပြင် ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်ကိုလည်း အလူးအလဲခံစားနေရသည်။

အဆိုပါဒေသခံများမှာ စားသောက်ကုန်ပစ္စည်းများကို မြေပုံ၊ ကမ်းထောင်းကြီးမြို့တို့မှ ကုန်းလမ်း၊ရေလမ်းအသုံးပြုကာ သွားရောက်ဝယ်ယူရသည်။ သို့သော် မြန်မာစစ်တပ်က ရေလမ်းသွားလာခွင့်ကို အောက်တိုဘာလ ၁၃ ရက်နေ့တွင် ပိတ်ပင်လိုက်ကာ ကုန်းလမ်းသွားလာခွင့်ကို နိုဝင်ဘာလ ၁ ရက်နေ့က ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

"သူတို့က ရေလမ်းကြောင်းကို အရင်ပိတ်တယ်။ ပြည်သူတွေမှာ အခက်အခဲ များစွာနဲ့ ကုန်လမ်းကြောင်းက အချိန်ကုန်ငွေကုန်ခံပြီး ဒေသမှာ စားသောက်ကုန် မပြတ်ဖို့လုပ်နေချိန် ကုန်းလမ်းကြောင်းက ရိက္ခာသယ်ယူခွင့်ကိုပါ ထပ်ပိတ်လိုက်တယ်"ဟု ဒါးလက်ရွာဟောင်းမှ အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ လမ်းပိတ်ထားသဖြင့် လက်ကျန် ကျန်ရှိနေသော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန် စသည့် စားသောက်ကုန်စျေးနှုန်းများနှင့် ဆေးဝါးစျေးနှုန်းများမှာ နှစ်ဆခန့် မြင့်တက်လျက်ရှိနေသောကြောင့် စားဝတ်နေရေး ခက်ခဲဖြစ်နေကြသည်ဟု ဒါးလက်မြောက်ရွာမှ ဒေသခံတစ်ဦးကဆိုသည်။

"ရေလမ်းပိတ်တုန်းက နှစ်တောင်းပါ ဆန်တစ်အိတ် ကို ၁၈၀၀၀ ကျပ်ကနေ ၂၃၀၀၀ ကျပ်ထိ စျေးတက် သွားတယ်။ အခု ရိက္ခာမသယ်ရလို့ ဖြစ်လာတဲ့အခါ ၃၀၀၀၀ ကျပ်ထိ စျေးထပ်မြင့်သွားတယ်။ အပြင်က ဘာရိက္ခာကိုမှ သယ်ခွင့်မရဘူး။ လူပဲ သွားလို့ရတယ်။ ဘာကိုမှ မသယ်ရဘူး"ဟု ၄င်းကပြောသည်။

ယင်းအပြင် မိမိဒေသမှထွက်သော ကုန်ပစ္စည်းများကို သယ်ယူရောင်းချမည်ဆိုပါကလည်း ကဇုကိုင်းရွာအနီးတွင် တပ်စွဲထားသည့် မြန်မာစစ်တပ်ထံတွင် ခွင့်ပြုချက်တင်ရကြောင်းသိရသည်။ ဒါးလက်ချောင်းဒေသခံများမှာ သစ်ခုတ်ခြင်း၊ ဝါးခုတ်ခြင်း၊ တောင်ယာလုပ်ငန်းလုပ်ကိုင်ခြင်းတို့ဖြင့် အသက်မွေးကြသည်။

အဆိုပါဒေသခံများမှာ ကုန်းလမ်းကြောင်းမှ ကမ်းထောင့်ကြီးမြို့နှင့်မြေပုံမြို့တို့ကို သွားရောက်မည်ဆိုပါက အလယ်ကျွန်းစစ်ဆေးရေးဂိတ်၊ ဂျိစ်ချောင်းစစ်ဆေးရေးဂိတ်နှင့် ကဇုကိုင်းစစ်ဆေးရေးဂိတ်တို့ကိုဖြတ်သန်းရသည်။ ရေလမ်းကြောင်းမှ သွားမည်ဆိုပါက ကဇုကိုင်းစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းရသည်ဟု ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် အဆိုပါဂိတ်များမှ ပိတ်ပင်ထားခြင်းဖြစ်သည်။

ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်မှာ ရက်ကြာမြင့်နေပြီဖြစ်ကာ ဆက်လက်ပိတ်ထားမည်ဆိုပါက ကုန်စည်စီးဆင်းမှုပြတ်လပ်ကာ ဒေသခံများ အငတ်ဘေးနှင့်ရင်ဆိုင်ရနိုင်ကြောင်း အလယ်ကျွန်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

"ဒီနှစ် ကိုယ့်ဆီကထွက်တဲ့ ကောက်ပဲသီးနှံတွေကလည်း ထွက်နှုန်းနည်းကြတယ်။ အခုလိုသာ ရိက္ခာ သယ်ယူခွင့်ကို ဆက်တိုက်ပိတ်ထားမယ်ဆိုရင် ကုန်းစျေးနှုန်းမြင့်တာမကလို့ အငတ်ဘေးနဲ့ပါ ရင်ဆိုင်လာကြရမှာ ဖြစ်တယ်"ဟု သူကဆိုသည်။

ဒါးလက်ချောင်းအုပ်စုတွင် ဒါးလက်တောင်ရွာ၊ ဒါးလက်ရွာဟောင်းရွာ၊ ဒါးလက်အနောက်ရွာ ဒါးလက်ရှမ်းကုန်းရွာ၊ အလယ်ကျွန်းအပါအဝင် ကျေးရွာပေါင်း ၄၈ ကျော်ရှိပြီး လူဦးရေ တစ်သောင်းနှစ်ထောင်ကျော် နေထိုင်ကြသည်။

စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားသည်ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး တုန့်ပြန်ချက်ရရှိနိုင်ရန် မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...