ဒေသခံများ၏အကျိုးစီးပွားအတွက် ရည်မျှော်ပြီး ငပလီကမ်းခြေဆောင်းဦးပွဲတော်ဖွင့်ပွဲကျင်းပ

ဒေသခံများ၏အကျိုးစီးပွားအတွက် ရည်မျှော်ပြီး ငပလီကမ်းခြေဆောင်းဦးပွဲတော်ဖွင့်ပွဲကျင်းပ

ရခိုင်ဒေသ နိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်မှုများရှိနေသော်လည်း ဒေသခံများ၏ အကျိုးစီးပွား ဖြစ်ထွန်းရေးနှင့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်စေရန် ရည်မျှော်ပြီး  ငပလီကမ်းခြေဆောင်းဦးပွဲတော်ဖွင့်ပွဲကို ယနေ့ ကျင်းပကြောင်း သိရသည်။

ငပလီကမ်းခြေဆောင်းဦးပွဲတော်ဖွင့်ပွဲကို ယနေ့ နိုဝင်ဘာ ၂၁ ရက် နံနက် ၆ နာရီတွင် ငပလီမြို့ မဇင်ရပ်ကွက်မှ သံတွဲမြို့သို့ စက်ဘီးစီးအဖွဲ့က စက်ဘီးအလှစီး၍ ကွင်းဖွင့်ခဲ့ပြီး ယင်းနောက်တွင် ငပလီမြို့ရှိ ပါရာဒိုင်းစ်ဟိုတယ်တွင်ဖွင့်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတွင် ရခိုင်ယဉ်ကျေးမှုကို အဓိကထားဖော်ပြသည့်အနေနှင့် ရခိုင်စည်တော်တီးခတ်ကာ ရခိုင်ရိုးအကများဖြင့် ဖွင့်လှစ်ခဲ့ပြီး သဲပန်းပုအလှပြခြင်း ၊ စက်ဘီးအလှစီးခြင်း၊ ကပြဖြေဖျော်ခြင်းများ အပြင် ချောတိုင်တက်ပွဲ၊ လွန်ဆွဲပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲတို့ကို ထည့်သွင်း ကျင်းပခဲ့သည်။

ယနေ့ကျင်းပသည့် ငပလီဆောင်းဦးပွဲတော်ကို လူပေါင်း သုံးထောင်ခန့်ပါဝင်ဆင်နွဲခဲ့ကြောင်း ငပလီမြို့ရပ်မိ၊ ရပ်ဖတစ်ဦးဖြစ်သည့် ဦးထွန်းသန့်ကျော်က ပြောသည်။"ဖွင့်ပွဲကတော့ ရခိုင့်အနှစ်သာရတွေနဲ့ပဲ ဖွင့်လှစ်တာပါ။ ရခိုင်စည်တော်တီးပြီး ရခိုင်ရိုးရာအကတွေနဲ့ ဖျော်ဖြေတယ်။ အဓိက ရခိုင်ရိုးရာကိုပဲ ဖော်ပြတာပါ။ ဒေသခံတွေကတော့ စတိတ်ရှိုးတွေ၊ ရခိုင်အဆိုတော်တွေနဲ့စီစဉ်ချင်တာလေ။ ဒါပေမယ့် လုံခြုံရေးအကြောင်းပြချက်နဲ့  ပြည်နယ်အစိုးရ အဖွဲ့က ခွင့်မပြုဘူး။ ဖွင့်ပွဲက ခါတိုင်းထက်စာရင်တော့ ဒီနှစ်နည်းနည်းစည်ကားပါတယ်။ လူပေါင်း သုံးထောင်လောက်လာတယ်။ ဒါပေမယ့် လုံခြုံရေးအရ အထဲဝင်ခွင့်မပေးတာတွေတော့ မဝင်ရဘူးပေါ့။ ကမ်းခြေမှာတော့ လူတိုင်းဝင်လို့ရတယ်"ဟု ပြောသည်။

ယခုကဲ့သို့ ဆောင်းဦးပွဲတော်ကျင်းပရခြင်းမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားပြည်သူများ ပိုမိုဆွဲတောင်နိုင်ရန် နှင့် ဒေသခံပြည်သူများ၏ အကျိုးစီးပွားအဆင်ပြေစေရန် ရည်ရွယ်ချက်ကြောင့် ငပလီကမ်းခြေဆောင်းဦး ခရီးသွားရာသီကိုဖွင့်လှစ်ကြိုဆိုခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။"ဒီနေ့မှာ ဆောင်းဦးပွဲတော်ဖွင့်ပါတယ်။ ငပလီကမ်းခြေကိုဖွင့်လိုက်တဲ့ သဘောပါ။ အဓိကက ခရီးသွားတွေလာအောင် မျှော်လင့်တာပေါ့။ အဲ့ဒီအတွက် ရည်ရွယ်ပြီး ဖွင့်လိုက်တာပေါ့။ ခရီးသွားတွေလာတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် ဒေသခံတွေအနေနဲ့ အကျိုးစီးပွားဖြစ်ထွန်းတယ်လေ။ ဥပမာ တုတ်တုတ်သမားတွေ၊ Taxi သမားတွေ၊ စားသောက်ဆိုင်တွေ၊ အမှတ်တရပစ္စည်းဆိုင်တွေ ရောင်းရဖို့ ၊အဓိက ဒီရည်ရွယ်ချက်ပါ"ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ငပလီကမ်းခြေဆောင်းဦးပွဲတော်ကို (၅) ရက်တိုင်တိုင်ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ယနေ့ နိုဝင်ဘာ (၂၁) ရက် တစ်ရက်တည်းသာ ကျင်းပမည်ဟု သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...