စစ်ကောင်စီက ဖမ်းသွားသည့် ပုဏ္ဏားကျွန်းဒေသခံ (၈)ဦးအတွက် မိသားစုဝင်များ စိတ်ပူနေ

စစ်ကောင်စီက ဖမ်းသွားသည့် ပုဏ္ဏားကျွန်းဒေသခံ (၈)ဦးအတွက် မိသားစုဝင်များ စိတ်ပူနေ

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးနှင့် ကျွဲထိုးကျေးရွာတို့ မှ  စစ်ကောင်စီတပ်သားများ ဖမ်းသွားသည့် ဒေသခံ(၈)ဦးမှာ တစ်ပတ်ကျော်ကြာသည်တိုင် မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးသဖြင့် စိုးရိမ်နေကြသည်။

၄င်းတို့ကို ပြီးခဲ့သည့်နိုဝင်ဘာလ ၁၂ ရက်နေ့တွင် မြန်မာစစ်တပ်ရေယာဉ်မှ စစ်သားများသည် ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး တန်းခိုးကျေးရွာမှ (၇)ဦးနှင့် ကျွဲထိုးကျေးရွာမှ ဒေသခံ(၁)ဦးတို့ကို  ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံများကပြောသည်။

ဖမ်းဆီးခံရသူများမှာ တန်းခိုးရွာမှ  ဦးမောင်ဝင်းကြိုင် (၅၆)နှစ်၊ ဦးမောင်သိန်း (၅၁)နှစ်၊  ဦးဂျော်ဂျီအောင် (၅၅)နှစ်၊ ဦးဦးမောင်သိန်း(၄၈)နှစ်နှင့် တန်းခိုးကျေးရွာသို့ ရောက်ရှိနေသည့် ပုဏ္ဏားကျွန်းမြို့ခံများဖြစ်ကြသော မောင်ဟန်တင်ဝင်း၊ မောင်နေထက်လင်း၊ မောင်မောင်ဟန်ဝင်း (၃)ဦးတို့အပြင် ကျွဲထိုးကျေးရွာမှ ဦးထွန်းလှအေး(၄၅)နှစ်တို့ဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံထားသည့် ဒေသခံ (၈)ဦးမှာ တစ်ပတ်‌ကျော်ကြာသည့်တိုင် သတင်းအစနမရဖြစ်နေ သောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြခြင်းလည်း ဖြစ်သည်။

“စိုးရိမ်တာပေါ့။ သေသွားပြီလား၊ အသက်ရှိနေသေးလား ဘာတစ်ခုမှ သတင်းအစအန မရဘူး။ ကျနော်တို့ထင်တာကတော့ စစ်တွေ ရွှေမင်းဂံနေဗီ(Navy)မှာ ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ကို Navy ပေါ်တင်ပြီး ခေါ်သွားတယ်ဆိုတာ မြင်လိုက်တာ။ အဲ့ Navy က ရွှေမင်းဂံ Navy ကလာတာဆိုတော့ အဲမှာပဲ ရှိမယ်ထင်ပါတယ်”ဟု ကျွဲထိုးကျေးရွာမှ ဖမ်းဆီးခံထားရသူ၏ မိသားစုဝင်တစ်ဦးက DMG သို့ ပြောသည်။

အဆိုပါ နိုဝင်ဘာလ ၁၂ ရက်နေ့က တန်းခိုးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်လာစဉ် ကျေးရွာသားများ ထွက်ပြေးကြပြီး တချို့မှာ ဗုံးခိုကျင်းအတွင်း ပုန်းခိုနေကြစဉ် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများထဲမှ တန်းခိုးကျေးရွာသား ဦးမောင်သိန်းဆိုသူမှာ စိတ်မနှံ့သူတစ်ဦးဖြစ်ပြီး ဦးဂျော်ဒီအောင်မှာ ကျေးရွာအတွင်း သာရေးနာရေးကိစ္စရပ်များတွင် ဦးစီးဆောင်ရွက်နေသူတစ်ဦးဖြစ်ကာ ကျန်လူများမှာလည်း အရပ်သားများသာဖြစ်ကြောင်း ဒေသခံများက DMG သို့ ပြောသည်။

“တန်းခိုးရွာကဖမ်းထားတဲ့သူတွေ စစ်တွေ အမှတ်(၁)ရဲစခန်းမှာ ရှိတယ်လို့ ကြားမိလို့ မြို့ပေါ်မှာရှိတဲ့ မိသားစုဝင်တွေကို စုံစမ်းခိုင်းထားပါတယ်။ ဒါပေမယ့် အခုထိတော့ ဘာသတင်းအစအနမှ မရသေးပါဘူး”ဟု ဖမ်းဆီးခံထားရသူ ဆွေမျိုးတစ်ဦးကပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံ ၈ ဦး ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ဆက်စပ်၍ နိုဝင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခံလိုက်ရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာမှဒေသခံ ၃ ဦးမှာ ယမန်နေ့ (နိုဝင်ဘာလ ၁၈ ရက်)နေ့ ညနေ ၃ နာရီကျော်ခန့် အချိန်တွင် ပုဏ္ဏားကျွန်းအခြေစိုက် (၅၅၀)တပ်ရင်းမှ လွတ်မြောက်လာပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် မြန်မာစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်သားများ ဝင်ရောက်သွားလာမှုတို့ကြောင့် ဆင်အင်းကြီး၊ ပဒေသာ၊ တန်းခိုး၊ ကျော်ဇံရွာ၊ ကျွဲထိုး စသည့်ကျေးရွာများမှဒေသခံ ၅၀၀၀ ကျော်မှာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်များရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...